ပဲခူး ဇန်နဝါရီ ၂၆
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) မြို့နယ်တွင် တန်ခိုးကြီးဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆေးသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းများအား ဇန်နဝါရီလ(၂၅)ရက်နေ့မှစတင်၍ စုပေါင်းဆောင်ရွက်လျက်ရှိပြီး စတုဒီသာကျွေးမွေး ခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်း၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်း ဒေသကြီးအတွင်း အေးချမ်းတည်ငြိမ်မှု၊ အလုပ်ရှင်/အလုပ်သမားပြဿနာ ကင်းရှင်းခြင်းတို့ကြောင့် နိုင်ငံခြား သား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ CMP လု်ပငန်းများအပြင် (ရေအား၊လေအား၊ဆိုလာ)စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ဓါတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖိတ်ခေါ်ဆောင်ရွက် သွားရမည်ဖြစ် ကြောင်း၊ စက်မှုလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး EIA,SIA စစ်ဆေးခြင်းများကို စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်နှင့် အရောင်ဆိုးသည့် ဓာတုပစ္စည်းများကိုလည်း သတ်မှတ်နည်းလမ်း များအတိုင်း စနစ်တကျ သိမ်းဆည်းသိုလှောင်ရန်လိုအပ်ကြောင်း၊ ဖိနပ်နှင့်လက်ကိုင်အိတ် အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံများတွင် ဒေသထွက်ရာဘာကုန်ကြမ်းပစ္စည်းများ ကိုလည်း ပြန်လည်အဆင့် မြှင့်တင်ပြီး အသုံးပြုနိုင်ရေး လိုအပ်သည့်နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကန့်သတ်ထားသည့်လုပ်ငန်းများမှလွဲ၍ မည်သည့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကိုမဆို ကြိုဆိုလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် Myat Min Co., Ltd ၏ ဝက်မွေးမြူရေးလုပ်ငန်း၊ Tianjin Golden Mountain Trade Co., Ltd ၏ ဂျာကင်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်း၊ Xin Long Chang Garment Co., Ltd ၏ CMP အထည်ချုပ်လုပ်ငန်း၊ Vicsong Co., Ltd ၏ ဖိနပ်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်း၊ VHT Garment Co., Ltd ၏ အဝတ်အမျိုးမျိုးအထည်ချုပ်လုပ်ငန်းတို့၏ ရင်းနှီးမြှုပ်နှံမှုအသစ် ထပ်မံတိုးချဲ့ခြင်းနှင့် Royal Lucky Dragon Co., Ltd ၏ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းလုပ်ငန်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၀.၈၅၇)သန်းနှင့် မြန်မာကျပ်ငွေ(၈၆၀၂.၅၆)သန်း ထပ်မံဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ(၁)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၃၃.၇၈၃)သန်း၊ မြန်မာကျပ်ငွေ(၇၂၅၁၀.၇၇၅)သန်း တိုးတက်ဝင်ရောက်ခဲ့ကာ ဒေသတွင်းလုပ်သား(၇၇၈၅)ဦး အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခဲ့သည်။ မကြာမီ တိုင်းဒေသကြီးအတွင်း ကိုရီးယားနိုင်ငံမှ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(၄)ခုအား ထပ်မံ၍ရင်းနှီးမြှုပ်နှံသွားမည့် အခွင့်အလမ်းကောင်းများရှိကြောင်း သတင်းရရှိသည်။
 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website