Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ဒုတိယ)အကြိမ်ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်း ခြင်း အောင်ပွဲအခမ်းအနားနှင့် ဆေးနှင့်ဆေးပစ္စည်းများ၊လှူဖွယ်ဝတ္ထုများ လောင်းလှူပူ‌ဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ဒုတိယ)အကြိမ်ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်း ခြင်း အောင်ပွဲအခမ်းအနားနှင့် ဆေးနှင့်ဆေးပစ္စည်းများ၊လှူဖွယ်ဝတ္ထုများ လောင်းလှူပူ‌ဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၉

===========

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ)အကြိမ်ဆေးပဋ္ဌာန်း ရွတ်ဖတ် ပူဇော်လှူဒါန်းခြင်း အောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဓမ္မဝတ်ရည်ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ် သည်။

          အခမ်းအနားသို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏  သြဝါဒါစရိယဆရာတော်ကြီး များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ရွှေမော်ဓောစေတီ တော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ   သြဝါဒါစရိယ ဆရာတော်ကြီးများထံ သင်္ကန်းစသော လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကြသည်။

          ယင်းနောက် ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ‌ ဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ  ရတနာသီရိကျောင်းဆရာတော်မှ သမ္မာဒေဝနတ်ဗြဟ္မာများအား ပြန်လည် ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ  ရုပ်သိမ်း ခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါ စရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် အပါး(၉၀)အား ဆေးနှင့်ဆေးပစ္စည်းများ၊ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။

          အဆိုပါ ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုအား ပဲခူးတိုင်းဒေသကြီးနှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် ဘေးအန္တရာယ် ရန်အသွယ်သွယ်မှ မကပ်မရောက် ကင်းစင်လွင့်ပျောက်စေရန်နှင့် ဗုဒ္ဓသာသနာတော်ကြီး နေရောင်လရောင်ပမာ ဝင်းပထွန်းတောက် ကောင်းကျိုးရောက်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ(၇)ရက်တိုင်တိုင် ပဋ္ဌာနဘာဏကဆရာတော်များက အလှည့်ကျ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းနှင့် ဆေးပဋ္ဌာန်းအောင်ပွဲအနေဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာ (ထမင်း+ဟင်း+ရေခဲမုန့်)များ ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။