Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်ပွဲ၊ ပိတ်ပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်ပွဲ၊ ပိတ်ပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဧပြီ ၁၆ ပဲခူး

================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆) ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၁)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၁၂)ဖွဲ့အား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးတို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေ(၅)သိန်းကျပ်စီကိုလည်း ကောင်း၊ ဂုဏ်ပြုဆုရရှိသည့် ယိမ်းအဖွဲ့(၅)ဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်(၇)သိန်းစီကို လည်းကောင်း၊ စတုတ္ထရရှိသည့် ဟံသာဝတီရပ်ကွက်ကိုယ်စားပြု မေတ္တာရေစင်ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်းအား ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဇနီးတို့ကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တတိယဆုရရှိသည့် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် ကိုယ်စားပြု ပိတောက်ရွှေဝါယိမ်း အဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုငွေကျပ်(၁၅)သိန်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့်ဇနီးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘုရားကြီးမြို့ ကိုယ်စားပြု ခွန်းဆင့်သံသာနွေဦးကဗျာယိမ်းအဖွဲ့အား ဂုဏ်ပြုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)အား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ ပထမဆုရရှိသော တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု နှစ်သစ်ပျိုမေယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြု ဆုငွေကျပ်(၂၅)သိန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ကလည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး ဆုရယိမ်းအဖွဲ့များက ပြိုင်ပွဲဝင်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့က မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးစိန်မြအောင်နှင့်  အမှတ်ပေးဒိုင်လူကြီးများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ မြန်မာ့ဆိုင်း အဖွဲ့၊ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် နိုင်ငံကျော်အဆိုတော်များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်းများ ပေးအပ် ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်း အခါသမယ အဖြစ် နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားခဲ့ပြီးနောက် ညပိုင်းအချိန်တွင် ခေတ်ပေါ်တေးဂီတအဖွဲ့ ဖြင့် နိုင်ငံကျော်အဆိုတော်များက သီဆိုကပြဖျော်ဖြေခဲ့ကြောင်းသိရှိရပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မြို့နယ်(၂၈)မြို့နယ်တွင် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။