Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မေလ(၁)ရက်နေ့ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မေလ(၁)ရက်နေ့ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၈

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော် ခန်းမ၌ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ် အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ၊ တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူတို့က အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည် တော်များက ဒေသခံပြည်သူများ တစ်နေရာတည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး စီစဉ်ဆောင်ရွက် ပေးထားသည့် ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ပြုလုပ် ပေးသည် အလုပ်လက်မဲ့များလျော့ပါးလာပြီး မိသားစုဝင်ငွေတိုးတက်စေခြင်း၊ အလုပ်လုပ်ကိုင်နိုင်သူအားလုံး နီးပါး အလုပ်အကိုင်ရရှိနိုင်ပါက ဒေသတွင်းကုန်ထုတ်စွမ်းအားမြှင့်မားလာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်ခြင်း၊ အလိုပ်အကိုင်ရှာဖွေသူ အလုပ်သမားများနှင့် အလုပ်သမားလိုအပ်သူ အလုပ်ရှင်များအတွက် အချိန်မကုန်၊ ငွေမကုန်ဘဲ တစ်နေရာတည်းတွင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခြင်း ဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။

          တိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂၁)ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂၅)ခုအား ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမား(၁၈၃၄၈၈)ဦးအား အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။