Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းဝါသီးနှံ ပန်းတိုင်အထွက် နှုန်းရရှိစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းဝါသီးနှံ ပန်းတိုင်အထွက် နှုန်းရရှိစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

ပြည် ဧပြီ ၂၃

===============

ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ဝါသီးနှံဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်က မိမိတို့ တိုင်းဒေသကြီးအတွင်း ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့တွင် ဝါသီးနှံစိုက်ပျိုးလျက်ရှိ မြေပြင်အနိမ့်အမြင့် ကွာခြားချက်ပေါ်မူတည်ပြီး ဝါသီးနှံ အမျိုးအစားနှင့် အထွက်နှုန်းများ ကွာခြားလျက်ရှိကြောင်း၊ မိရိုးဖလာ ဝါကြီး၊ ဒေသမျိုး ရွှေတောင်(၈)နှင့် ငွေချည်(၆)မျိုးတို့သည် တစ်ဧကအထွက်နှုန်း ပိဿာ(၆၀၀)ကျော်သာထွက်ရှိပြီ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် ခက်ခဲကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ ပံ့ပိုးကူညီ ဆောင်ရွက်မှုဖြင့် အထွက်နှုန်းကောင်းသည့် ရာကာ-၆၆၆ အား စံပြကွက်များဖြင့် ဖော်ထုတ်စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် ပိဿာ(၁၁၀၀)ခန့်ထွက်ရှိခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခဲ့ကြောင်း၊ လာမည့် နှစ်တွင် ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် အထွက်နှုန်းကောင်းသည့်ရာကာ-၆၆၆ ဝါမျိုးစေ့များ ရရှိနိုင်ရေးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ တစ်ဘက်မှာလည်း ဝါသီးနှံ အတွက် စိုက်ပျိုးရေရရှိရေးကိုလည်း ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိုးလေ ဝသ ခန့်မှန်းချက် သတင်းအချက်အလက်များအရ မိုးဦးနောက်ကျမည်ဖြစ်၍ စိုက်ပျိုးရေအား စနစ်တကျ ချွေတာသုံးစွဲနိုင်ရေး အသိပညာပေးခြင်းများ ကြိုတင်ဆောင်ရွက်ထားရန် ပြောကြားခဲ့သည်။

ထို့နောက် တင်ရောက်လာသည့် ပြည်ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ တာဝန်ရှိသူများက မိရိုးဖလာစိုက်ပျိုးနေသည့် ဝါကြီးအား နှစ်အလိုက်စီမံချက်များဖြင့် လျော့ချစိုက်ပျိုးမည်ဖြစ်ပြီး အထွက်နှုန်း ကောင်းသည့် ချည်မျှင်ရှည် ရာကာ-၆၆၆ ဝါမျိုးအား အစားထိုးတိုးချဲ့စိုက်ပျိုးသွားမည့် အခြေအနေများ ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အလိုက် ချည်မျှဉ်ရှည်ဝါ ရာကာ-၆၆၆ အား Pilot Area အလိုက် စိုက်ပျိုးခဲ့မှု၊ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခဲ့မှု၊ လာမည့်ဝါစိုက်ရာသီအတွက် ဝါသီးနှံမျိုးစေ့လိုအပ်ချက်များနှင့် စိုက်ပျိုးရေရရှိရေး ရေပေးမြောင်းတူးဖော်ပေးရမည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း အကြံပြုတင်ပြချက်များအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဆုတောင်းပြည့်ဆံတော်ရှင် ရွှေဆံတော်စေတီတော်ရင်ပြင်သို့ ရောက်ရှိခဲ့ရာ စေတီတော်ရင်ပြင်နှင့်တစ်ဆက်တည်း (၄)ထပ်ဓမ္မာရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ပြီး မင်းဖူးတန်ဆောင်းအတွင်း မှန်ကာရံနိုင်ရေးနှင့် လေအေးပေးစက် တပ်ဆင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။