Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ သံရည်ကျိုလုပ်ငန်း နည်းပညာဖွံ့ဖြိုးမှုသင်တန်းဖွင့်ပွဲ ကျင်းပ ပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ သံရည်ကျိုလုပ်ငန်း နည်းပညာဖွံ့ဖြိုးမှုသင်တန်းဖွင့်ပွဲ ကျင်းပ ပြုလုပ်

ပဲခူး မေ ၂၅

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်တာကျေးရွာ၌ သံရည်ကျို လုပ်ငန်း နည်းပညာဖွံ့ဖြိုးမှုသင်တန်း ဖွင့်ပွဲအခမ်းအနားအား မေလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်  ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၏ (၉၀)ရာခိုင်နှုန်း ကျော်သည် MSMEs စီးပွားရေးလုပ်ငန်းဖြစ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအား ဖွဲ့စည်း၍ ကဏ္ဍအလိုက် လိုအပ်ချက်များအား အနီးကပ်ကြီးကြပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သံရည်ကြို လုပ်ငန်းအများစုတွင် မိရိုးဖလာနည်းအတိုင်း သဲကြမ်းကို အသုံးပြုသဖြင့် ကုန်ပစ္စည်းအရည်အသွေးကျဆင်း ပြီး ဈေးကွက်အားနည်းချက်များရှိကြောင်း၊ ယခုအခါ သံရည်ကျိုခြင်း၊ ပုံလောင်းခြင်းများကို ခေတ်မီနည်းစနစ် များဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး သင်ကြားပို့ချပေးသွားမည်ဖြစ်၍ သေချာလေ့လာမှတ်သားစေလို ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ သင်တန်းနည်းပြများအား ထောက်ပံ့ငွေကျပ်(၅)သိန်းအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တက်ရောက်လာသည့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သံရည်ကျိုလုပ်ငန်းရှင် များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဦးထိန်လင်း၏ သံရည်ကျိုလုပ်ငန်းနှင့် အေးမြကြည်ကုမ္ပဏီလီမိတက် ဦးအေးဝင်း၏ သံရည်ကျိုလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာတွင် သံရည်ကျိုလုပ်ငန်း(၁၈)ခုမှ ပြည်တွင်းသုံးကုန်နှင့် ပြည်ပ ပို့ကုန်များ ထုတ်လုပ်လျက်ရှိပြီး ယခုဖွင့်လှစ်သည့် သင်တန်းမှရရှိလာသည့် အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်သွားပါက ပြည်ပပို့ကုန်များ အရည်အသွေးပြည့်မီစွာ ပိုမိုထုတ်လုပ်လာနိုင်ခြင်း၊ ဈေးကွက်တိုးချဲ့ ရရှိလာနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ ပိုမိုသိရှိလာနိုင်ခြင်းအပြင် ဒေသတွင်းလူငယ်များအား နည်းပညာများ ဖြန့်ဝေပေးနိုင်ခြင်းတို့ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ မေလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကဝမြို့နယ်၊ သပြု(စံပြ)ကျေးရွာရှိ သံရည်ကျို၊ ဒါန်၊ သတ္တု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သံနှင့်ဒန်သတ္တုများ အရည်ကျို ပုံလောင်းပုံသွင်း လု်ပငန်းရှင်များ၏ တင်ပြချက်များအပေါ် လျှပ်စစ်မီးလိုအပ်ချက်၊ နိုင်ငံတော်မှ သံနှင့်ဒန် သတ္တုများလေလံတင်ရာတွင် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန် ချေးငွေ ရရှိနိုင်ရေးနှင့် အစုအဖွဲ့များ ဖွဲ့စည်းပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။