ပဲခူး ဇူလိုင် ၁၈
===============
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊ တိုင်ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများက ဝါဆိုသင်္ကန်းများ၊ စာသင်တိုက် အသီးသီးရှိ သီလရှင်ဆရာကြီးများအတွက် သီလရှင်ဝတ်စုံ(၂၂၅၈)စုံနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ ဆရာတော် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက ကြွရောက် လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော် ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့် မြို့နယ်သီလရှင် အမှုဆောင်အဖွဲ့ ဆရာကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။