Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂

=================

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အိုးဘိုကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက် ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်းလက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများအား တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံနှင့် ပျိုးထောင်ရန် အချက်အလက်များအား ပဲခူးခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့ တာဝန်ရှိသူများက မှတ်တမ်းဗွီဒီယိုဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

          အဆိုပါ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မှာယူ ခဲ့ပြီး မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့မှ တောင်သူများ တက်ရောက်လေ့လာခဲ့ကြကာ တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် မှာယူလိုသူ တောင်သူများအား တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာရှိ ဒေါ်အယ်တာမေ၏ ကိုကိုးသီးနှံ ပျိုးခြံသို့ ရောက်ရှိခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၏ အမယ်သစ်ထုတ်ကုန်အဖြစ် စိုက်ပျိုးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကိုကိုးသီးနှံအား ပဲခူးမြို့နယ်တွင် အပင်ရေ(၁၈၀၀၀၀)ကျော်အား မိုးရာသီ အတွင်း စိုက်ပျိုးသွားမည်ကြောင်း သိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာ၌ ဒေါက်တာ မင်းနိုင်၏ ကာကီကင်းအမျိုးအစား ဥစားဘဲ(၂၀၉၀)ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန် အစာအတွက် နေဗီယာမြက်စိုက်ပျိုး၍ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်နိုင်ရေးနှင့် ဝေါဒေသ သည် ရေဝပ်ဒေသဖြစ်ပြီး ဥစားဘဲ မွေးမြူရန်အခွင့်အလမ်းကောင်းများရှိ၍ ဒေသတွင်း ဥစားသုံးမှုဖူလုံစေရေး တိုးချဲ့မွေးမြူရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာရှိ ဒေါ်ခင်းသန်းနုနှင့် ဒေါ်သူဇာတင့်တို့၏ ငါးရံ့ခြောက်လုပ်ငန်း သို့ရောက်ရှိခဲ့ပြီး သဘာဝရေပြင်များတွင် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အဆင့်ထိ ငါးရံ့များမွေးမြူနိုင်ရေး နည်းပညာပေးရန်၊ ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းအား ထိရောက်စွာ အရေးယူရန်နှင့် ငါးရံ့ခြောက်မှ တန်ဖိုးမြှင့် အသင့်စားငါးခြောက်အဆင့်ထိ တိုးတက်ထုတ်လုပ်၍ ခေတ်မီသော ထုတ်ပိုးမှုစနစ်များဖြင့် ပြည်ပနိုင်ငံအထိ တင်ပို့နိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။