Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး စက်တင်ဘာ ၉

============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စနေနေ့တိုင်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား စက်တင်ဘာလ(၉) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ရန်၊ အမှိုက်ပုံးများစနစ်တကျထားရှိစေရေး၊ ဆေးရုံအုတ်တံတိုင်းများ ဆေးများ ပြန်လည်သုတ်ပေးနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင်နှင့် အတွင်း/အပြင်အားလုံး ခြင်ဆေးမှုတ်ခြင်းအပြင် ခြုံနွယ်များ မဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ် ရှင်းလင်းခြင်းပြုလုပ်သွားရန်နှင့် ဆေးရုံတတ်လူနာများနှင့် လူနာစောင့်များ သက်တောင့်သက်သာ အနားယူနိုင်ရေး နားနေဆောင်များ ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း အား ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်၍ ယနေ့အချိန်ထိ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းလမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သော ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် စုပေါင်း သန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ (၂၃၀)ကေဗွီအေ ကမာနတ်ပင်မ ဓါတ်အားခွဲရုံသို့ ရောက်ရှိခဲ့ပြီး မီးလောင်ကျွမ်းပျက်စီးခဲ့သည့် (၃၃)ကေဗွီ ပဲခူး(၁)၊ ညောင်အင်း(၂)နှင့် သနပ်ပင်ဖီဒါတို့၏ Switch Bay များနှင့် Cable ကြိုးများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက လျှပ်စစ်မီးပျက်တောက်ခဲ့မှု အခြေအနေနှင့် ပျက်စီးသွားသည့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများအား လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ စမ်းသပ်စစ်ဆေး လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်ဓါတ်အား အမြန်ဆုံးပြန်လည်ရရှိရေး၊ အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရေးနှင့် ပေါ့ဆမှုကြောင့် နိုင်ငံပိုင်ပစ္စည်းများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။