Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်

ပဲခူး အောက်တိုဘာ ၁၉

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိဈေးအပေါ်ထပ်၌ MSMEs ထုတ်ကုန်များ အရောင်းစင်တာ ဖွင့်ပွဲကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး MSMEs ထုတ်ကုန်များ အရောင်းစင်တာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူ များက တိုင်းဒေသကြီး MSMEs ထုတ်ကုန် အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          အဆိုပါ MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ ထွက်ရှိလာသည့် ဒေသထွက် စားသုံးကုန်များ၊ လူသုံးကုန်များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖိုဆောင်သုံး ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ ပစ္စည်းအမျိုးပေါင်း(၈၀)မျိုးကျော်အား ဆိုင်ခန်းပေါင်း(၃၇)ခန်းဖြင့် ပင်ရင်းဈေးအတိုင်း နေ့စဉ်ရောင်း ချပေးသွားမည်ဖြစ်ကာ ဖွင့်ပွဲနေ့တွင် ဒေသခံပြည်သူများ၊ တရုတ်နိုင်ငံသား ခရီးသွားများ၊ ဂျပန်နိုင်ငံသားခရီးသွားများနှင့် ရှရှားနိုင်ငံသားခရီးသွားများ လာရောက်လေ့လာဝယ်ယူခဲ့ကြပြီး လိုချင်သည့် မြို့နယ်အလိုက် ဒေသထွက်ကုန်များအား တစ်နေရာတည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် MSMEs ထုတ်ကုန် များ အရောင်းစင်တာများအား  သက်ဆိုင်ရာ ခရိုင်မြို့များတွင် ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။