Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၀

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ရာသီအလိုက် စိုက်ပျိုးသီးနှံများ စိုက်ဧက ပြည့်ဝစွာ စိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် မိုးစပါးရိတ်သိမ်းသည့်ရာသီဖြစ်၍ ရိတ်သိမ်းပြီးမိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး၊ ရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိစရေး အသိပညာပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်ယာမြေများအား ဝယ်ယူထားပြီး အမှန်တကယ် စိုက်ပျိုးမှုမရှိခြင်းနှင့် စနစ်တကျစိုက်ပျိုးမှုမရှိခြင်းများကို လယ်ယာမြေဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းအနေဖြင့် မိုးစပါးလျှင် တစ်ဧကတင်း(၁၀၀)၊ နွေစပါး တစ်ဧကတင်း (၁၁၀)ထွက်ရှိနိုင်ရေး အောင်မြင်အောင် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ပြီး သတ်မှတ်သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များအလိုက် တရားမဝင် ကုန်ပစ္စည်း၊ ကျွဲ/နွားသယ်ဆောင်မှုနှင့် သစ်ခိုးထုတ်မှုများ မရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်နှင့် ရုံးလုပ်ငန်း ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြ သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မွန်းလွဲပိုင်း၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများသည် မိမိတို့တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာရုံးဌာနအလိုက် ဦးဆောင်နေသူများဖြစ်ပြီး အောက်ခြေရုံးဌာနများ၏ ဆောင်ရွက်ချက်များကို လစ်လျူရှုခြင်းမရှိစေဘဲ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများဖြစ်သည့်အားလျော်စွာ ရုံးစာလုံခြုံရေးကို အထူးအလေးထားရန် လိုအပ်ပြီး ရုံးလုပ်ငန်း များဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာအလိုက် မိမိတို့၏ ဌာနဆိုင်ရာတင်ဒါလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို လစဉ်စစ်ဆေးခြင်းနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အစီရင်ခံစာပြုစုတင်ပြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် အစိုးရအဖွဲ့ရုံး အတွင်းရေးမှူးက နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့မှ ညွှန်ကြားချက်များအား အသေးစိတ်ဖတ်ကြား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒီဂရီ/ ကောလိပ်များ၊ တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များတို့က လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ နှင့် သီးခြားလိုအပ်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒီဂရီ/ကောလိပ်များ၊ တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များ၏ တင်ပြချက်များအပေါ် အသေးစိတ် ပြန်လည်လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။