Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေး ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ အထူးစည်ကားလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာကျွေးမွေး ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ အထူးစည်ကားလျက်ရှိ

ပဲခူး နိုဝင်ဘာ ၂၇

==============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒီသာ ကျွေးမွေးခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား နိုဝင်ဘာလ(၂၇)ရက်နေ့တွင် (ဒုတိယနေ့အဖြစ်) ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရားယာဉ်ရပ်နားဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် မြို့မိ/မြို့ဖများပူးပေါင်း၍ လူဦးရေ(၁)သောင်းအား ဘဲဥကြော်ချက်၊ ဘာလချောင်ကြော်၊ သီးစုံ ပဲကုလားဟင်းတို့ဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စတုဒီသာလာရောက်သုံးဆောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ သည်။

ဆက်လက်၍ ညပိုင်းအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တို့သည် တန်ဆောင်တိုင်ပွဲတော်တွင် တိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် မြို့နယ်အလိုက် ထွက်ရှိသော စားသုံးကုန်၊ လူသုံးကုန်နှင့် ဆေးဝါးအမျိုးမျိုးစသည့် MSMEs ထုတ်ကုန် အရောင်းဆိုင်ခန်းများနှင့် နိဗ္ဗာန်ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်သည့် ရပ်နီးရပ်ဝေး ပြည်သူများအား နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးမြို့၊ ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ ရွှေမော်ဓောဘုရားလမ်းအတိုင်း မီးစင်္ကြာဖြင့် လှည့်လည်ပူဇော်ခဲ့ကြသည်။ ၎င်းနောက် မီးပုံးပျံအကြီးနှင့် မီးပုံပျံအသေးများအား လွှတ်တင်ပူဇော်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တန်ဆောင်တိုင် ပွဲတော်သို့ လာရောက်ကြသည့် ဧည့်ပရိတ်သတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံကျော် အဆိုတော်များ၏ တေးဂီတ ဖျော်ဖြေတင်ဆက်နေမှုများအား ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြသည်။ တန်ဆောင်တိုင် ကာလအတွင်း မြို့နယ်များမှ လာရောက်ပြသသည့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အား အများပြည်သူလူထုမှ စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး လူသုံးကုန်၊ စားသုံးကုန်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကာလ နိုဝင်ဘာလ(၂၆)ရက်နှင့် (၂၇)ရက်နေ့ တို့တွင် စုစုပေါင်းအရုပ်မီးပုံးပျံ(၂၁)လုံး၊ အထိမ်းအမှတ်ရုပ်ပုံပါ စိန်နားပန်မီးပုံးပျံအကြီး(၁၂)လုံးနှင့် မီးပုံးပျံ အသေးအလုံး (၁၂၀၀)တို့အား အလှည့်ကျ စည်ကားသိုက်မြိုက်စွာ လွှတ်တင်ပူဇော်နိုင်ခဲ့ပြီး ဒေသခံပြည်သူ များ၏ စည်းကမ်းရှိမှု၊ တည်ငြိမ်အေးချမ်းခြင်းကိုလိုလားမှုနှင့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးခဲ့မှုကြောင့် ပဲခူးတန်ဆောင်တိုင်ပွဲတော်သည် အေးချမ်းအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။