Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၁၉

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁၉)ရက်နေ့၊ နံနက် ပိုင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဘုရားစေတီပုထိုးများ၊ ကမ္ဘောဇသာဒီ နန်းတော်ရာများကို လာရောက်လည်ပတ်မှု အများဆုံးဖြစ်၍ ပြည်ပခရီးသွားများ လာရောက်လည်ပတ် မှုများသည့် နေရာများတွင် Public Toilet များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ဝန်ဆောင်မှုကောင်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ခရီးသွား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ လက်ရှိခရီးစဉ်ဒေသ များအပြင် ဒေသထွက် MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ လေ့လာရေးခရီးစဉ်သစ်များလည်း ဖော်ထုတ် သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်/တမံများ ပေါများပြီး လှပသော သဘာဝပတ်ဝန်းကျင် များရှိ၍ Eco Resort များ တည်ဆောက်နိုင်ရေး ဟိုတယ်လုပ်ငန်း ရှင်များ ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ပြီး ခရီးစဉ် အဆင်ပြေချောမွေ့စေရေး၊ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေ‌ရေး ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၏ ဝန်ဆောင်မှုများ အဆင့်မြှင့်တင် သွားရမှာဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းကဏ္ဍသည် အခြားဝန်ဆောင်မှုကဏ္ဍပေါင်းစုံနှင့် ချိတ်ဆက်နေသဖြင့် သက်ဆိုင်ရာ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်နိုင်ရေး သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေး ရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားများ တည်းခိုသည့် ဟိုတယ်များတွင် အမှတ်တရပစ္စည်းများ၊ အဆင့်တန်းမီ ထုတ်ပိုးထားသည့် အသင့်စား ဒေသအစားအစာများကို ခင်းကျင်းပြသရောင်းချရန်နှင့် နံနက်စာ စီစဉ်ပေးရာတွင် ဒေသ အစားအစာများ ထည့်သွင်းဧည့်ခံပေးရန် လိုအပ်ကြောင်း၊ ဒေသတွင်း ခရီးသွားများ လာရောက်လေ့လာ လည်ပတ်နိုင်ရေး ဘာသာရေးပွဲတော်များ၊ ယဉ်ကျေးမှုပွဲတော်များ၊ ရာသီအလိုက်ပွဲတော် များ ကျင်းပမည့် အစီအစဉ်များအား ခရီးသွားကုမ္ပဏီများနှင့်ချိတ်ဆက်၍ ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် မြို့နယ်အလိုက် Public Used ဧရိယာများ၊ အပန်းဖြေရန်နေရာများ ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးသွားရ မှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ နေရာကဏ္ဍအားလုံးတွင် မသန် စွမ်းသူများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် မြို့ပြသန့်ရှင်း သာယာလှပစေရေး စဉ်ဆက် မပြတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ဟိုတယ် လုပ်ငန်းလိုင်စင်သက်တမ်းတိုးမှုများ၊ ဧည့်လမ်းညွှန် သက်တမ်းတိုးခြင်းနှင့် ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်းများအား Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေး ရာဝန်ကြီး ဦးတင်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင် များက ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (၃၂)ဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီး၌ တည်ငြိမ်အေးချမ်းခြင်း၊ ရေမြေသဘာဝကောင်းမွန်ခြင်း၊ ခရီးသွားဝန်ဆောင်မှု များ ပြည့်စုံလာခြင်းတို့ကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ Package Tour (၆၅)ကြိမ်၊ ခရီးသွားဧည့်သည် စုစုပေါင်း(၈၃၉)ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ Package Tour (၂၁၇)ကြိမ်၊ ခရီးသွားဧည့်သည် စုစုပေါင်း(၄၇၃၇)ဦး လာရောက်လည်ပတ်ခဲ့သဖြင့် Package Tour အကြိမ်ရေနှင့် လူဦးရေပါ တိုးတက်ခဲ့ကြောင်း သတင်းရရှိသည်။