Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မတ် ၃၁

================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မတ်လ(၃၀) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင် တည်းပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် လေးမျက်နှာဘုရား(ကျိုက်ပွန်ဘုရား) အဝင်လမ်းနှင့် ဘုရားပုရဝုဏ်တို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဘုရားအဝင်လမ်း လမ်းဘေးဝဲ/ယာ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးထားသည့် အရိပ်ရသစ်ပင်များအား ထိန်းသိမ်း စောင့်ရှောက်ရန်၊ ဘုရားတန်ဆောင်များရှိ ဆီဆေး၊ရေဆေးများ ပြန်လည်ဆေးသုတ်ရန်နှင့် သာသနာ့နယ်မြေ အတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းလမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သော ပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၏ ပေါင်းစုအားဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။