Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၅-၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၅-၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၃

===================

ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၅-၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၁၃)ရက်နေ့၊ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူးနှင့်ဇနီး၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ကြန်ဟူသောစကားသည် ပါဋ္ဌိစကားမှ ဆင်းသက်လာပြီး ပြောင်းလဲခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရကြောင်း၊ မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန် အချိန်အခါတွင် အတာရေပတ်ဖြန်းပေးခြင်းဖြင့် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးတို့ကို ဆေးကြောခြင်း နှင့်အတူ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်ချစ်ခင်ခြင်း၊ စည်းလုံးညီညွှတ်ခြင်းကိုဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံသား တို့၏ ရိုးရာဓလေ့ပွဲတော်များအနက် ထူးခြားလေးနက်မှုရှိသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မဟာသင်္ကြန် ကာလအတွင်း ရေသဘင်ပွဲဆင်နွှဲရုံသာမဟုတ်ဘဲ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း၊ သက်ကြီးရွယ်အိုများ ပြုစုခြင်း ပူဇော်ကန်တော့ခြင်း၊ စတုဒီသာအလှူဒါန များပြုလုပ်ခြင်းနှင့်အတူ ဇီဝိတဒါနအဖြစ် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်းစသည့် စေတနာသဒ္ဓါတရား ပြည့်ဝစွာ ပြုလုပ်သည့်ဓလေ့များလည်းပါဝင်ကြောင်း၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဆင်နွှဲရာတွင် ရိုးရိုးသားသား ပျော်ရွှင်မှုမျိုးသာဖြစ်စေရန်နှင့် ရိုးရာယဉ်ကျေးမှုကို ပျက်စေသည့် အပျက်သဘောမျိုး မဖြစ်စေအောင် ယနေ့လူငယ်များ ထိန်းသိမ်းကြရမှာဖြစ်ကြောင်း၊ ယခုလို ကျက်သရေ မင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန်ကာလ အခါသမယမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းမှ အားနည်းချက် တွေကိုပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ် မြှင့်တင်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုနှင့် အတူ တက်ညီလက်ညီ ပေးဆပ်သယ်ပိုးသွားမှာဖြစ်၍ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကျန်းမာ ရွှင်လန်းစွာဖြင့် မိမိတို့နှင့်အတူ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်နိုင်ရေး ညှင်သာတဲ့ အသွင်ကူးပြောင်းလဲရေးအတွက် အမြင်ကျယ်ကျယ် ဉာဏ်ပညာရှိရှိ ဖြင့် ဝိုင်းဝန်းလက်တွဲပါဝင် ဆောင်ရွက်ကြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ၁၃၈၅-၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် မြို့မိ/မြို့ဖ တစ်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်း” “မန်းတောင်ရိပ်ခို” “ပဲခူးသင်္ကြန်” စသည့် သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြရာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသည့် ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်နှင့် အတာသင်္ကြန်ရေ ပတ်ဖြန်းပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်အတူ လမ်းလျှောက် သင်္ကြန်ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

          ယင်းနောက် ဖျော်ဖြေရေး ယိမ်းအဖွဲ့များ  သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေ ဧည့်ခံတင်ဆက်ခဲ့ပြီး နိုင်ငံကျော် အဆိုတော်များက ခေတ်ပေါ်တေးဂီတ အစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။