Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇

==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ(၁၅၀၀၀၀)အား ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ်ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နှစ်ဟောင်းက နှစ်သစ်ကိုကူးပြောင်းသည့် မြန်မာနှစ်ဆန်း (၁)ရက်နေ့သည် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် မင်္ဂလာရှိပြီး လန်းဆန်းသစ်လွင်သည့် နေ့ထူး နေ့မြတ်ဖြစ်ပြီး ယခုလိုနေ့ထူး နေ့ထူးမြတ်မှာ ဂါရဝေါစဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေသင့် ရိုသေထိုက်သူများ၊ ပူဇော်သင့် ပူဇော်ထိုက်သူများကို ပူဇော်ကန်တော့ရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုသည့် စကားနှင့်အညီ မိမိထက် အသက်အရွယ် ကြီးမားပြီး အတွေ့အကြုံရင့်ကျက်သည့် အဘိုးအဘွားများကို  ပူဇော်ကန်တော့ ခြင်းသည် ကုသိုလ်ကြီးမားပြီး မင်္ဂလာရှိသော ကောင်းမြတ်သည့် အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ မိမိတို့လူငယ်၊ လူရွယ်၊ လူလတ်အားလုံး သည် အဘိုးအဘွားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးဖြင့် ဂုဏ်သိက္ခာ ရှိရှိရပ်တည်နိုင်ဖို့ အားလုံးက ဝိုင်းဝန်းအားပေးမြှင့်တင် စောင့်ရှောက်ပေးကြရ မှာဖြစ်ပါကြောင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နှစ်သစ်မင်္ဂလာ အခါသမယမှာ သက်ကြီးဝါကြီး ဘိုးဘွားများနှင့်တကွ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါ စေကြောင်း မေတ္တာပို့ နှုတ်ခွန်းဆက် စကားပြောကြားသည်။

      ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော တက်ရောက်လာကြသူများက အဘိုး အဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး အလှူငွေနှင့် ကန်တော့ခံပစ္စည်းများအား ပေးအပ် လှူဒါန်းခဲ့ကြရာ အဘိုးအဘွားများကိုယ်စား အဘွားတစ်ဦးက ဆုပေးစကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့ပေါ် ရပ်ကွက်နှင့် သပြေကုန်းဘိုးဘွားရိပ်သာမှ အဘိုးအဘွား (၇၀)ဦးအား ပူဇော်ကန်တော့ကြခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေး ပေးခြင်းများလည်း ဆောင်ရွက်ပေးခဲ့ကြေင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦး‌ဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်အား သံဃာတော်များဖြင့် မြို့တွင်း/မြို့ပြင် မော်တော်ကားများဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သတင်း ရရှိသည်။