Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားနှင့် နတ်တလင်း ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားနှင့် နတ်တလင်း ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဇွန် ၁၈

          သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယမန်ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက် ခြမ်း)၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးတွက် တန်ဖိုးသင့် လက်ဆွဲကောက်စိုက် စက်များ ဖြန့်ဝေထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့် ပြောင်းလဲပေးနိုင်ခဲ့ခြင်း၊ စနစ်ကျလယ်ယာမြေပြုပြင်ပေးနိုင်ခြင်း၊ စိုက်ပျိုးရေ ရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ စိုက်ပျိုးနည်းစနစ်များ ပြုပြင်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် အဓိကသီးနှံ(၁၀)မျိုး အနက် အဓိကသီးနှံ(၆)မျိုးအပြင် နွေစပါးလည်း ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တန်ဖိုးသင့် လက်ဆွဲ ကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ပဲခူးတိုင်း ဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကာ မဖြစ်မနေ စက်မှုလယ်ယာသို့ အလုံးစုံပြောင်းလဲသွား ရတော့မှာဖြစ်၍ ယခုကဲ့သို့ တောင်သူများ လက်လှမ်းမီနိုင်သည့်ဈေးနှုန်းဖြင့် တန်ဖိုးသင့်လက်ဆွဲ ကောက်စိုက်စက်များ ထုတ်လုပ်ရောင်းချပေးလျက်ရှိသလို ခရိုင်များအလိုက်လည်း  တန်ဖိုးသင့် လက်ဆွဲ ကောက်စိုက်စက်များ ဖြန့်ဝေထောက်ပံ့ပေးလျက်ရှိကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးသီးနှံအလိုက် စက်မှုလယ်ယာစနစ်ဖြင့် မြေပြုပြင်ချိန်၊ စိုက်ပျိုးချိန်၊ သွင်းအားစုထည့်သွင်းချိန်နှင့် ရိတ်သိမ်းချိန်တို့တွင် သက်ဆိုင်ရာလယ်ယာသုံးစက်ကိရိယာများ သုံးစွဲနိုင်ရေး အထူးအလေးထားပြီး တီထွင်ဖန်တီးပေးသွား မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက သီးနှံအလိုက် ကျရောက်တတ်သည့် ပိုးမွှားနှင့် ဖြစ်ပွားတတ်သည့် ရောဂါပိုးများ ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အသိပညာပေးပြောကြားခဲ့ပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့အတွက် လက်ဆွဲကောက်စိုက်စက်(၄၈)လုံးအား လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင် တို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး တွက် တန်ဖိုးသင့်လက်ဆွဲကောက်စိုက် စက်များ ဖြန့်ဝေထောက်ပံ့ခြင်းအပေါ် ဒေသခံလယ်သမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြား ခဲ့ကာ တန်ဖိုးသင့်လက်ဆွဲကောက်စိုက်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၈၀) ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာ အစိုတင်း(၁၅၈)တင်း ထွက်ရှိကြောင်းသိရှိရသည်။ ၎င်းနောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စပါးနှင့်ပဲ အလှည့်ကျစိုက်ပျိုးမှသာ မြေဇီဩဇာပိုမိုကောင်းမွန်မှာဖြစ်ပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပညာပေးရန်နှင့် တောင်သူများ ကိုယ်တိုင် လက်တွေ့သိမြင်လုပ်ကိုင်နိုင်ရေး စံပြကွက်များ ဖော်ဆောင်ပေးရန်နှင့် သီးနှံအမျိုးအစားအလိုက် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များဖြင့် စိုက်ပျိုးပြသရန် တာဝန်ရှိသူမျာအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ်၊ ဝက်စာဖိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ(၁၅၀)ဧကအား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကြဲခင်းစနစ်ဖြင့် လုံးဝမစိုက်ပျိုးစေရေး အသိပညာပေး တာဝန်ရှိသူများအား လမ်းညွှန်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများ အတွက် သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။