Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ အသစ်တည်ဆောက်ထားသည့် နိုင်ငံတကာအဆင့်မီ တိုင်းဒေသကြီးအားကစားဥယျာဉ်အတွင်း စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရစေရေးနှင့် စိတ်အပန်းဖြေမှုအတွက် သစ်ပင်များစိုက်ပျိုးပေးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း တစ်ရွာ(၂)ဧက စိုက်ပျိုးခြင်းအပြင် နည်းလမ်း(၈)သွယ်ဖြင့် ပျိုးပင်ပေါင်း(၁၄)သိန်းစိုက်ပျိုးရန် လျာထား လျက်ရှိရာ ယနေ့အချိန်ထိ ပျိုးပင်ပေါင်း(၁၂)သိန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သစ်တော သစ်ပင်များတည်ရှိခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရေမြေထိန်းသိမ်းကာကွယ်ရေး၊ ပြည်သူလူထုအတွက် လိုအပ်သည့် သစ်၊ ထင်းများရရှိရေး၊ စိတ်ကြည်နူးချမ်းမြေ့ဖွယ်ဖြစ်ရေးတို့အပြင် သဘာဝပတ်ဝန်းကျင်ရှိ လေထုသန့်ရှင်းရေး၊ မြေပေါ်မြေအောက်ရေ ထိန်းသိမ်းရေးတို့အပေါ် အထောက် အကူပြုလျက်ရှိကြောင်း၊ အနာဂတ်ပတ်ဝန်းကျင် စိမ်းလန်းသာယာဝပြောရေးအတွက် သစ်တောသစ်ပင် စိုက်ပျိုးကြစေလိုကြောင်းနှင့် စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန်ကြီးထွားအောင် ပြုစုစောင့်ရှောက်ထိန်းသိမ်း ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူခဲ့ကြပြီး သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု ၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား တိုင်းဒေသကြီးအားကစားဥယျာဉ်၌ ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပြီး စိန်ပန်းနီ၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ ပျဉ်းမ၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ခရေ၊ ငုရွှေဝါ၊ ကံ့ကော်၊ ငုချယ်ရီ၊ ပိန္နဲ၊ သခွပ်၊ ကြောင်လျှာ၊ မန်ကျည်းစသည့် သစ်ပျိုးပင်ပေါင်း(၆၀၀)ကျော် စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။