Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၁၉

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်း တို့ဝန်းကျင်”သီချင်းသီဆို၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ် မေးခွန်းပုံစံအသစ် ဖြေဆိုခဲ့ရာတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများဟာ သင်ယူမှုအခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့သူများဖြစ်သည့်အပြင် အခြေအနေ အချိန်အခါနှင့် အခွင့်အလမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် ယခုလိုထူးချွန်စွာ အောင်မြင်ခဲ့သည့်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် ဆက်လက်ပြီး အဆင့်မြင့်သက်မွေးပညာများ သင်ယူရာတွင်လည်း ရည်မှန်းချက်ရောက်အောင် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲ၌ နိုင်ငံတော်အဆင့်(၅)ရရှိသော ကျောင်းသား(၁)ဦး၊ (၆)ဘာသာရရှိသူ ကျောင်းသား/သူ(၈)ဦး၊ အောင်ချက်အကောင်းဆုံးရရှိခဲ့သည့် ဇီးကုန်းမြို့နယ်၊ အထက(မြို့မ)ကျောင်းနှင့် ပြည်မြို့နယ်၊ ကပက(ပုလဲမိုး)ကျောင်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က (၅)ဘာသာဂုဏ်ထူးရရှိခဲ့သူများကိုလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ကိုလည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကမ္ဘာတည်သရွေ့” သီချင်းဖြင့်လည်းကောင်း၊ အထက-မြို့အနောက်(ခ)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “နိုင်ငံ့အကျိုးမျှော်ရည် ပဲခူးတိုင်းဌာနီ” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ပြည်မြန်မာ”သီချင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ယင်းနောက် ဆုရကျောင်းသား/ ကျောင်းသူများကိုယ်စား ပဲခူးတိုင်းဒေသကြီး(အရှေ့) အထက(၂) ညောင်လေးပင်မှ (၆)ဘာသာဂုဏ်ထူးရှင် မောင်အောင်ကောင်းမြတ်က ကျေးဇူးတင်ဂါရဝစကား ပြန်လည် ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရရှိသော ကျောင်းအုပ်ကြီးများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ၎င်းနောက် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။