Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား သွားရောက်ကူညီထောက်ပံ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား သွားရောက်ကူညီထောက်ပံ့

သာယာဝတီ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက် ပိုင်းက သာယာဝတီခရိုင်အတွင်း ဧရာဝတီမြစ်ရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြစ်မခမြစ်ရေ ကြီးမှုတို့ကြောင့်  သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ဖိုးကတိုး-ကညင်အောတာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေတားတာတစ်လျောက် ရေကင်းများချ၍ ကြံ့ခိုင်မှု အား အချိန်ပြည့်စစ်ဆေးရန်၊ ရေကျော်နိုင်သည့် တာအနိမ့်နေရာများတွင် သဲအိပ်များဖြင့် ယာယီမြှင့်တင် ခြင်းများ ဆောင်ရွက်ရန်နှင့် ရေလမ်းကြောင်းတစ်လျောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် လက်ပံတန်း-သာရဝေါ မဟာဗျူဟာလမ်း မိုင်တိုင်အမှတ်(၅/၁)နှင့် (၅/၂)ကြား ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေကျော်သည့် နေရာများတွင် ရေလမ်းကြောင်း လမ်းညွှန်အမှတ်အသားများနှင့် လမ်းပြများထားရှိရန်၊ ရေပြန်လည်ကျဆင်းသွားပါက ချက်ခြင်းပြန်လည် ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့  သွားရောက်၍ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးကုန်များအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေဘေးသင့်ဦးရေ(၉၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၁)ပတ်စာအတွက် ငွေကျပ်(၂၀၁၆၀၀)ကျပ်၊ နေအိမ်ကြိုတင်ပြောင်းရွှေ့စရိတ်(၄၂၇၃၀၀)ကျပ်နှင့် ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းတို့အား သီးခြားထောက်ပံ့ငွေများ  ထောက်ပံ့ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မင်းလှ-မိုးညို ကားလမ်းတစ်လျောက် မြစ်ရေဝင်ရောက်မှုတို့အား လှည့်ကြည့်ရှုခဲ့စစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ်သည့် မိုးစပါးစိုက်ဧကများအား ရေကျချိန်တွင် ပြန်လည်စိုက်ပျိုးနိုင်ရေး ပျိုးထောင်ခြင်းလုပ်ငန်း ကြိုတင်ဆောင်ရွက်ထားရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

             ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သုံးဆယ်- ဖိုးခေါင်-စံရွေးလမ်းပေါ်ရှိ တံတားအမှတ်(၁/၆)၊ (၁/၇)၊ (၂/၇)နှင့် (၃/၇)တို့တွင် မြစ်မခ မြစ်ရေကြီးမှုကြောင့် ရေတိုက်စားကာ တံတားကမ်းကပ်ခုံများ ထိခိုက်မှုမရှိစေရေး ကွင်းဆင်း ကြည့်ရှု့ခဲ့ပြီး မြေနိမ့်ဒေသဖြစ်ခြင်း၊ ရေဝပ်ဧရိယာများပြားခြင်းနှင့် ရေစုဝင်ရောက်မှုအရှိန်များပြားခြင်း တို့ကြောင့် တံတားကမ်းကပ်ခုံများ ထိခိုက်မှုမရှိစေရေး တုပ်ရိုက်ခြင်း၊ သဲအိပ်ကာခြင်းများ ဆောင်ရွက်ရေး ဖြည့်ဆည်း ပေးခဲ့ပြီး ရေထွက်ပေါက် လမ်းကြောင်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက်  မြစ်မခမြစ်ရေဘေးကာကွယ်ရေး တာဖြစ်များဖြစ်သည့် သရော်အိပ် လဟာတာနှင့် ကွမ်းခြံလေးဒူးတာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေးတာများ သည် ကျေးလက်ဒေသများ၌ ဒေသတစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးသည့် ကျေးရွာချင်းဆက်လမ်းအဖြစ် အသုံးပြုနေသဖြင့် ဒေသထွက်သီးနှံထွက်ကုန်များ သယ်ယူပို့ဆောင်မှု မပြတ်တောက်စေရေး တာများ၏ ကြံခိုင်ကောင်းမွန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ရန် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။