Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်ခဲ့ သည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်ခဲ့ သည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

ရွှေတောင် ဩဂုတ် ၂၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ရွှေတောင်မြို့နယ် အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးများ ပြန်လည်စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ မင်းကုန်းကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၄၁၉-B)အတွင်းရှိ ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် မိုးစပါးများ ပြန်လည်အစားထိုး စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်နှစ်(၃)သီးစိုက် လယ်မြေများတွင် သတ်မှတ်ထား သည့် သီးနှံပုံစံအတိုင်း အချိန်မီစိုက်ပျိုးထွက်ရှိနိုင်ရေး အထွက်နှုန်းကောင်းပြီး သက်လျင်စပါးမျိုးများ စိုက်ပျိုးသွားရန်၊ ဘာစိုက်စိုက် ဝင်ငွေရသည့်အတွက် မြေလပ်မထားဘဲ စိုက်ပျိုးသွားရန်၊ လယ်ကန်သင်း ဘောင်များတွင် ငှက်ပျောပင်နှင့် စာဖိုဆောင်သီးနှံပင်များ စိုက်ပျိုးသွားရန်၊ သဘာဝမြေဩဇာ ကိုယ်တိုင် ထုတ်လုပ်သုံးစွဲကြရန်နှင့် ရာသီဥတု မှန်ကန်မျှတစေရေး ကျေးရွာအဝင်လမ်းနှင့် ကုန်ထုတ်လမ်း တစ်လျှောက် အရိပ်ရသော သီးပင်/စားပင်များ စိုက်ပျိုးသွားနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၂၁)၊ မင်းရွာကွင်းအတွင်းရှိ ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးများ ကောက်စိုက်လုံမများဖြင့် ပြန်လည်အစားထိုး စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဘေးကင်းလုံခြုံစေရေး သဘာဝမြေဩသုံးစွဲနိုင်ရန် နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ မျိုးချောင်းဖြင့် သားစပ်ခြင်းလုပ်ငန်းများအား ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးများပြောင်းလဲစိုက်ပျိုးရန်၊ ဒေသနွားများ အား မေထုံမဲ့သားစပ်ခြင်း နည်းပညာပေးရန်၊ မိုးစပါးနှင့် နွေစပါး(၂)သီးသာ စိုက်ပျိုးသည့် လယ်မြေများတွင် ကြားသီးနှံအဖြစ် ပဲစိုက်ပျိုးခြင်းအား လက်တွေ့သရုပ်ပြစိုက်ပျိုးပြသနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုတို့ကြောင့် မိုးစပါးအပါအဝင် မိုးသီးနှံစုစုပေါင်းစိုက်ဧက (၁၂၂၃၄)ဧက ရေကြီးနစ်မြှုပ်ခဲ့ပြီး မိုးစပါးအပါအဝင် မိုးသီးနှံ (၁၀၀၁၈)ဧက ထိခိုက်ပျက်စီးခဲ့ရာ မျိုးစေ့၊ ပျိုးပင်၊ စိုက်ပျိုးရေးကိရိယာများ အချိန်နှင့်တစ်ပြေးညီ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့၊ နတ်မှော်လျှပ်စစ် မြစ်ရေတင်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံမှ နှစ်စဉ်နွေစပါး(၁၅၀၀)ဧက စိုက်ပျိုးရေ ပေးဝေနေ မှုနှင့် ရေပေးမြောင်း ပြန်လည်အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။