Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူးတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူး သြဂုတ် ၂၀

============

     ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၁၉)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာများတိုးပွားစေပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယနေ့ကမ္ဘာကြီး ပူနွေး လာမှုကြောင့် ရာသီဥတုဆိုးရွားလာပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး အင်အားပြင်းထန်သော သဘာဝဘေး အန္တရာယ်များ ပိုမိုဖြစ်ပွားလာသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် တွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဟာ ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသည့် နိုင်ငံတော်ရဲ့ခြေလှမ်း များစွာ အဟန့်အတားဖြစ်စေကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင်ရှိနေခြင်းကြောင့် ငလျင်ဘေး ရဲ့စိန်ခေါ်မှုကို ခံနေရတဲ့တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်တွေကို မဖြစ်အောင်တားဆီးလို့မရပေမဲ့လည်း ဘေးဒဏ်ကိုတုံပြန်နိုင် စွမ်းရှိစေရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအလိုက် ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များအပေါ် အလေးအနက်ထား ဆောင်ရွက် ကြစေလိုကြောင်း၊ သင်တန်းသား/သူများအနေဖြင့် စိတ်ဝင်စားစွာ လေ့လာမှတ်သားပြီး ဘေးအန္တရာယ်များကို အလျင်အမြန်တုံ့ပြန် နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများက သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များနှင့်ပက်သက်၍ Video Clip ပြသမှုအား ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ ရာသီဥတု ပြောင်းလဲခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အယူအဆနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု စက်ဝန်း၊ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်လျော့ပါးသက်သာစေရေး နည်းလမ်းများ၊ ကြိုတင်သတိပေးချက်စနစ်ကိုခြုံငုံလေ့လာခြင်း၊ အသိပညာပေးခြင်း၊ ရပ်ရွာလူထု အခြေခံသောဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ အရေးပေါ်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစသည်တို့ကို သက်ဆိုင်ရာဦးစီးဌာနများမှ သင်တန်းနည်းပြ ဆရာများမှ သြဂုတ်လ(၁၉) ရက်နေ့မှ(၂၁)ရက်နေ့အထိ စာတွေ့၊လက်တွေ့သင်ကြား ဆွေးနွေးပို့ချမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများမှ သင်တန်းသား/သူ(၅၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။