Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမား‌များအား ထောက်ပံ့ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမား‌များအား ထောက်ပံ့ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၂

=============

          ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်သည့် အားကစားသမား‌များအား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့် ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်တာနဲ့အညီ ယနေ့ဂုဏ်ပြုပွဲအခမ်းအနား၌ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးမှ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အာရှနှင့်ကမ္ဘာ့အဆင့်မှာပါ အောင်မြင်မှုရရှိခဲ့ကြသော ရွှေခေတ်ထူးချွန် ဘောလုံးသမားဟောင်းများနှင့် အခြားအားကစားနည်းများတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသော အားကစားသမားများအား ဖိတ်ကြားပြီး တွေ့ဆုံချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော အားကစား သမားများ ဘဝနောင်ရေးအဆင်‌ပြေစေရေးအတွက် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းကို တစ်ချိန်က အာရှနှင့်အရှေ့တောင်အာရှ တစ်လွှား၌ ရွှေရောင်လွှမ်းသည့်အောင်မြင်မှုများ ရယူပေးခဲ့ကြသည့်အတွက် မိမိနိုင်ငံ၏အဆင့်အတန်း၊ မိမိလူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားမှုအား ထင်ဟပ်ဖော်ညွှန်စေခဲ့ပြီး နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံသည် လူသိများထင်ရှား ကျော်ဇောခဲ့သည့်အတွက် အထူးပဲဝမ်း မြောက်ဂုဏ်ယူပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပါဝင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

          ထို့နောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမား‌ဟောင်းများဖြစ်သည့် ဦးရဲညွန့် (ဘောလုံး)နှင့် ဦးတင်အောင်(ဂိုး)တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှလည်းကောင်း၊ ဦးဝင်းမောင် (ဘောလုံး)နှင့် ဦးသန်းစိုး (ခ)ဦးဆပ်သီး(ဘောလုံး)တို့အား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်လွင်လွင်‌အေးကျော်မှလည်း ကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံ့ဂုဏ်ဆောင် ဘောလုံး၊ လှေလှော်၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ နပန်း၊ ပီတန်း၊ အလေးမ၊ မြှားပစ်၊ ဗိုဗီနမ်၊ မွေထိုင်း အားကစားနည်းများ၌ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များရရှိခဲ့ကြသည့် ထူးချွန်အားကစားသမား‌များအား ဂုဏ်ပြုဆုငွေကျပ်(၂)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ် ချီးမြှင့်ကြပြီး နိုင်ငံ့ဂုဏ်ဆောင် ဘောလုံးအားကစားသမားဟောင်း ဦးတင်အောင်(ဂိုး)က ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား‌ဟောင်းများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။

       အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များရရှိခဲ့ကြသည့် အားကစားသမား (၃၃)ဦးတို့အား ဂုဏ်ပြုငွေကျပ်(၆၆)သိန်း ‌‌ဂုဏ်‌ပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။