Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံမှုရှိစေရေး ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး မတ် ၄

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံပိုလျှံ မှုရှိစေရန် ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်နှစ်က စားသုံးဆီဖူလုံမှု(၉၃)ရာခိုင်နှုန်းမှ ယခုနှစ်တွင် နေကြာသီးညှပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုး(၂၂၂၅)တင်း အား အခမဲ့ဖြန့်ဝေစိုက်ပျိုးစေခဲ့ရာ စားသုံးဆီဖူလုံမှု (၁၀၀)ရာခိုင်နှုန်းထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍လည်း ပြည်ပထုတ်ကုန် လျော့ချသုံးစွဲနိုင်ရေးနှင့် ဒေသထွက်စားသုံးဆီများ ပြည်တွင်းဈေးကွက် သို့ ဖြန့်ဖြူးပေးနိုင်ရေး လာမည့်နှစ်တွင် နေကြာဧက(၈၅၀၀၀)ကျော် စိုက်ပျိုးသွားရန် လျာထားလျက်ရှိကြောင်း၊ မြို့နယ်အလိုက် အမှန်တကယ် နေကြာစိုက်ပျိုးဖြစ်ထွန်းစေမည့် နေရာများအား ရှာဖွေ၍ တစ်ကွင်းတစ်ဆက်တည်းဧကများစွာ တို့ချဲ့စိုက်ပျိုးရမည်ဖြစ်ပြီး တောင်သူများအား အသိပညာပေးခြင်း ဆောင်ရွက်ရမည်ဖြစ်သလို မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် သွင်းအားစုများ ထောက်ပံ့ ပေးခြင်းနှင့် ရေရရှိရေး ဆောင်ရွက်ပေးခြင်းများလည်း ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မျိုးစုဆောင်းဝယ်ယူရာတွင် Hybrids မျိုးများနှင့် အခြားဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းတိုးတက်သည့် နေကြာမျိုးများ ကြိုတင်ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ထားရန်မည်ဖြစ်ကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီး အတွင်းမှ ပြည်တွင်းဆီစားသုံးမှုကို ဖြည့်ဆည်းပေးနိုင်ရေး လက်တွေ့ဆန်ဆန် မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာကြသည့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက ဒေသတွင်း နေကြာစိုက်ပျိုးရန် သင့်တော်သည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှု၍ တောင်သူများကို စည်းရုံးအသိပညာပေးကာ အမှန်တကယ် တောင်သူအကျိုးရှိသည့် စိုက်ပျိုးရေးလုပ်ငန်း တစ်ခုဖြစ်ကြောင်း သိရှိစေရန်နှင့် ထွက်ရှိလာသည့် နေကြာများအား ဈေးကွက်ခိုင်မာမှုရှိစေရေးနှင့် ဆီစက်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးမည့် အခြေအနေများ၊ သွင်းအားစုနှင့် နေကြာမျိုး လိုအပ်ချက် ကြိုတင်စုဆောင်းထားရန်၊ စိုက်ပျိုးရေရရှိရေးအတွက် ရေတင်စနစ် စီစဉ်ဆောင်ရွက်ပေး သွားမည့် အခြေအနေ၊ လိုအပ်သည့် စိုက်ပျိုးရေးစက်ယန္တရားများ ထောက်ပံ့ပေးမည့်အခြေအနေများနှင့် ခရိုင်အလိုက် နေကြာစိုက်ပျိုးသွားမည့် မြေနေရာ စာရင်းပြုစုထားခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ကြိုတင်ကွင်းဆောင်ရွက်သွားမည့် အခြေအနေများအား တင်ပြခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။