Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၁၆

===============

        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်‌တော်ကြီး၌ မတ်လ(၁၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အတွင်းမှ ၂၀၂၂ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်နှင့် ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

        ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။

       ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ပဲခူးမြို့၊ မြို့မစာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မိုးညိုမြို့ မဟာသီဟနာဒကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသီဟနာဒ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးတို့က ဘွဲ့တံဆိပ်တော်များ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

        ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ သာမဏေကျော်စာသင်တိုက် ဒေါက်တာဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဆရာတော်အရှင်မြတ်ထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ကြွရောက်လာကြသည့် ဆရာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

         ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၂ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရရှိမှုမှာ မဟာ ကမ္မဌာနစရိယ(၂)ပါး၊ ဂန္ထဝါစကပဏ္ဍိတ(၆)ပါး၊ ကမ္မဌာနစရိယ(၁)ပါး၊ သဒ္ဓမ္မဇောတိကဓဇ(၂)ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတ(၃)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ (၅)ပါး၊ ဓမ္မကထိကဗဟုဇနဟိတဓရ(၁)ပါး၊ သုဓမ္မသိင်္ဂီ(၁)ဦး စုစုပေါင်း ရဟန်း/သံဃာ(၁၆)ပါး၊ သီလရှင်(၄)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့ ရရှိ‌ကြကြောင်း သတင်းရရှိသည်။