Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၂၄

================

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်း များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ပထမလှိုင်း၊ ဩဂုတ်လအတွင်းမှာ ဒုတိယလှိုင်းနှင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ တတိယလှိုင်း၊ ဒီဇင်ဘာလမှာ စတုတ္ထလိုင်းများကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါရဲ့ အကျိုးဆက်အနေဖြင့် ပြည်သူများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးတွေမှာ များစွာနှောင့်နှေးခဲ့ရကြောင်း၊ ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေးကို လေ့ကျင့်သလို တစ်ဘက်ကလည်း ကူးစက်မှုလျော့နည်းလာချိန်မှာ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ခြင်းများကို ပိုမိုအားထည့်လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ပထမလှိုင်းက‌နေ စတုတ္ထလှိုင်းထိ အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ရာ အစိုးရနှင့်ပြည်သူ လက်တွဲညီစွာ ဆောင်ရွက်ရေးနှင့် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ တုံပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် မိမိဆန္ဒအ‌လျောက် အားဖြည့်ပါဝင်‌ပေးကြ သည့် ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ တစ်ဦးတစ်ယောက်စီတိုင်းကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း၊ ပူးပေါင်းပါဝင်မှုကို အသိအမှတ်ပြုပါကြောင်းနှင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို ပိုမိုဆောင်ရွက်နိုင်တဲ့ ပြည်သူကအားကိုးတဲ့ နိုင်ငံ့သားကောင်းများ ဖြစ်ကြပြီး ပြည်သူ့အကျိုးကို ဆထက်တစ်ပိုး ဆောင်ရွက်နိုင်ပါစေကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူး/ တောင်ငူ/ ပြည်/ သာယာဝတီခရိုင်တို့မှ ပရဟိတလူမှုကူညီရေးအသင်း တာဝန်ခံ(၄)ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများကိုယ်စား ပဲခူးမြို့ အာသောက Quarantine Centerမှ Volunteer ဦးစိုးအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ပထမလှိုင်းမှ စတုတ္ထလှိုင်းအထိ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပြီး ပရဟိတလူမှုကူညီရေးအသင်းနှင့် စေတနာ့ဝန်ထမ်း(၁၃၉)ဖွဲ့၊ လူဦးရေ(၂၃၄၉)ဦးတို့မှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

      အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်း ဒေသကြီး Coronavirus Disease 2019(COVID- ၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီများ၊ ပဲခူး/ တောင်ငူ/ ပြည်/ သာယာဝတီခရိုင်တို့မှ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။