Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေခံဖြစ် သည့် (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီး

ပဲခူးတိုင်းဒေသကြီးအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေခံဖြစ် သည့် (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီး

ပဲခူး ဧပြီ ၂၈

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံဖြစ်သည့် (နိုင်-၄)စာရင်းမှတ်တမ်း ရိုက်သွင်းခြင်းအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း (နိုင်-၄)စာရင်းအရ လူဦးရေ(၅၄)သိန်းကျော်အား Excel Format ဖြင့် ဧပြီလ(၄)ရက်နေ့ မှစ၍ ရိုက်သွင်းခဲ့ရာ ဧပြီလ(၂၇) ရက်နေ့ နံနက်ပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် တတိယအများဆုံး (နိုင်-၄)စာရင်း ရေးသွင်းရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ပန်းခင်းစီမံချက်အတိုင်း ပထမဆုံး (နိုင်-၄)စာရင်း ရိုက်သွင်းမှု ရာနှုန်းပြည့်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် (နိုင်-၄) မှတ်တမ်းများ အား သတ်မှတ်ထားသည့် ဧပြီလကုန်အပြီး ဆောင်ရွက်ရာတွင် ကွန်ပျူတာအလုံး(၈၀၀)ကျော်၊ ဝန်ထမ်းဦးရေ(၁၀၀၀)ကျော်ဖြင့် ပိတ်ရက်မရှိ ဆောင်ရွက်ခဲ့ရကြောင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် ဌာန ဆိုင်ရာများ၏ ဝန်ထမ်းများကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ပဲခူးတိုင်းဒေသကြီး အတွက် (နိုင်-၄)စာရင်းမှတ်တမ်း (၅၄)သိန်းကျော်အား (၂၄)ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် Excel Format ဖြင့် ရိုက်သွင်းခဲ့ရသည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအေးမောင်ကြည်က (နိုင်-၄)စာရင်း မှတ်တမ်းများအား အချိန်မီပြီးစီးရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာများအား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (နိုင်-၄)စာရင်းမှတ်တမ်းများအား Excel Format ဖြင့် Server အတွင်းသို့ ထည့်သွင်းပြီးစီးသွားပါက e-Government ၏ အခြေခံတစ်ခုဖြစ်သည့် လူဦးရေးနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို အချိန်တိုအတွင်း ရှာဖွေဖြည့်ဆည်းဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်းနှင့် (နိုင်-၄) စာရင်းသို့ ထပ်တိုးလာမည့် လူဦးရေစာရင်း ကိုလည်း နေ့စဉ်ရိုက်သွင်းသွားရ မှာဖြစ်ကြောင်း၊ ဒါမှသာ (နိုင်-၄)စာရင်းများ Server ပေါ်တွင် Up to Date ဖြစ်နိုင်မည်ကိုလည်း သိရှိ နားလည်စေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

          အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။