Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း စက်မှုမြေများတွင် မြေကွက်လွတ်မရှိ ရင်းနှီးမြှုပ်နှံနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူးတိုင်းဒေသကြီးအတွင်း စက်မှုမြေများတွင် မြေကွက်လွတ်မရှိ ရင်းနှီးမြှုပ်နှံနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၂၇

=========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်း များများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဓါတ်မြေဩဇာထုတ်လုပ်သည့် စက်မှု လု်ပငန်းများနှင့် ဆိုလာထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ဆောင်ရွက်နိုင်သည့်အပြင် Wind Turbine Energy ထုတ်လုပ်မည် ဆိုပါကလည်း ဆောင်ရွက်နိုင်ကြောင်း၊ စက်မှုနယ်မြေများတွင် မြေကွက်လွတ်မရှိ ရင်းနှီးမြှုပ်နှံမှု စက်ရုံ/ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြေနေရာရယူထားပြီး လာရောက်လုပ်ကိုင် ခြင်းမရှိသူများအား နိုးဆော်ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် ပြည်တွင်း အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း များအတွက်လုပ်ငန်းများ ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေး မိမိတို့အစိုးရအပိုင်းမှ လိုအပ်သောနည်းပညာနှင့် ချေးငွေရရှိရေး ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က Myanmar Husheg Yanshili အထည်ချုပ်စက်ရုံ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်း၊ Huishun (Myan) Industrial Co., Ltd ၏ စက်ရုံငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းအတွက် တည်ဆောက် ရေးကာလ တိုးမြှင့်ခြင်း၊ Brew Master Co., Ltd ၏ ဘီယာစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းအတွက် တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းနှင့် Wiawis Myanmar Co., Ltd ၏ ကုန်ကြမ်းပစ္စည်းအသစ် ထပ်မံ တင်သွင်းခြင်းဆိုင်ရာများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြုဖြည့်စွက် တင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၂၃.၇၁၂)သန်းနှင့် မြန်မာကျပ်ငွေ (၉၅၂၉.၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၇၄၅၈) ဦး ဖန်တီးပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။