Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၃

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူလယ်သမားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် မိမိတို့မြို့နယ်အတွင်းရှိ ဆောင်းပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုး သည့် တောင်သူများအား အစုအဖွဲ့များဖွဲ့စည်း၍ တောင်သူစိတ်ကြိုက် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ယူသွားရမည်ဖြစ်ပြီး တောင်သူများလက်ဝယ် တိုက်ရိုက် ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ သမဝါယမဦးစီးဌာနမှလည်း ဆောင်းပဲတီစိမ်းနှင့် နွေစပါးအသင်းအဖွဲ့များလည်း ဖွဲ့စည်းထားပြီးဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသူကိုသာ ထောက်ပံ့ပေးနိုင်ရေး ကြီးကြပ် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ယခုစီမံကိန်းသည် Pilot Project ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူများအပေါ် စေတနာထားကာ အကျိုးရှိသည့်လုပ်ငန်းဖြစ်၍ စနစ်တကျ အောင်မြင်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တောင်သူအစုအဖွဲ့များနှင့် သမဝါယမအစုအဖွဲ့များ အတွက် ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးက ခရိုင်/မြို့နယ်အလိုက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ တက်ရောက်လာသည့် တို်ငးဒေသကြီးအဆင့် ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်၊ စိုက်ပျိုးရေရရှိရေးနည်းလမ်းများနှင့် အစုအဖွဲ့များ ဖွဲ့စည်းထားရှိမှုများအား လည်းကောင်း အသီးသီး အကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်းပဲတီစိမ်းစိုက်ဧကနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး လျာထားမှုအခြေအနေနှင့် တောင်သူများ ထောက်ပံ့ မှုရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက် ဆောင်းပဲတီစိမ်း တစ်ဧကလျှင်(၁၂၀၀၀ဝိ)နှုန်း၊ နွေစပါးတစ်ဧကလျှင်(၂၀၀၀၀ဝိ)နှုန်းဖြင့် တောင်သူစိတ်ကြိုက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ကာလပေါက်ဈေးအတိုင်း ပြန်လည်ပေးဆပ်သွားရမည်ဖြစ် ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုစီမံကိန်းသည် တောင်သူလယ်သမားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး အလွန်အကျိုးရှိသည့် လုပ်ငန်းစဉ်ဖြစ်၍ စိုက်ပျိုးချိန်မီထောက်ပံ့ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။