Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ဧပြီ ၁၈ ပဲခူး

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၁၈)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ တိုးချဲ့လုပ်ကိုင်နိုင်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်(၈)ဘီလီယံဖြင့် ထပ်မံ ဆောင်ရွက်ပေးမည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေအား သတ်မှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေအလိုက် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်း၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများကိုသာ စိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်နည်းစနစ်ပြောင်းလဲ ခြင်း၊ သက်တမ်းတို၍ အထွက်ကောင်းပြီး ပြည်ပဈေးကွက်ရရှိနိုင်သည့် သီးနှံများအား စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးစနစ်(GAqP)အတိုင်း မွေးမြူနိုင်ရေး အသိပညာ ပေးခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ပိုးမှုစနစ်များ ပိုမိုးတိုးတက် ကောင်းမွန်လာစေရေးနှင့် အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်များဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲ မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးရေရှားပါးမှုပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် ရေချိုထိန်းသိမ်း ခြင်း၊ ဖွဲ့စည်းပေးထားသည့် Water User အဖွဲ့များဖြင့် စိုက်ပျိုးရေ အား စနစ်တကျ အကျိုးရှိရှိသုံးစွဲနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် အချိန်တိုအတွင်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စနစ်တကျ ဆောင်ရွက် သွားမည့် အခြေအနေကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စနစ်တကျ ဆောင်ရွက်သွားမည့် အခြေအနေကို လည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က ခရိုင်/မြို့နယ်/ကျေးရွာများအလိုက် ကော်မတီဖွဲ့စည်းမှုနှင့် ဘဏ္ဍာရယူသုံးစွဲရမည့် လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့၊ ဥက္ကဋ္ဌများက ခရိုင် အတွင်းရှိမြို့နယ် များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက်ထားရှိ မှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။