Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၃၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)အား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဆက်လက်၍ အပိုင်း(၂)ကျင်းပချိန်တွင် လိုအပ်ချက်များမဖြစ်ပေါ်စေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူများ ဆန္ဒမဲပေး ရာတွင် မြန်ဆန်ချောမွေ့စေရေးအတွက် တတိယအကြိမ်ထုတ်ပြန်ထားသည့် မဲစာရင်းမှ မဲစာရင်းအမှတ်စဉ် ကို ကြိုတင်သိရှိထားနိုင်ရေး လက်ဝယ်အရောက်ဖြန့်ဝေပေးထားရမှာဖြစ်သည့်အပြင် မဲရုံပြင်ပတွင်လည်း မဲစာရင်းရှာဖွေပေးနိုင်သည့် laptopများ၊ Mobile Phoneများဖြင့် ရှာဖွေပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးသူများ အေးဆေးသက်သာစွာ မဲပေးနိုင်ရေး သက်ဆိုင်ရာမဲရုံများအလိုက် ယာယီနားခိုရန်နေရာ များ စနစ်တကျ ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအား မဲရုံလုပ်ငန်း စဉ်အဆင့်ဆင့်အား သိရှိနားလည်သဘောပေါက်စေရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်းနှင့် လွတ်လပ်၍ တရားမျှတသော သိက္ခာရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲလာရောက်ပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်က ဆန္ဒမဲပေးသူများပြား သည့် မဲရုံများတွင် MEVM မဲပေးစက်များ သက်ဆိုင်ရာလွတ်တော်အလိုက် ခင်းကျင်းသွားရမည့်ပုံစံနှင့် ဆန္ဒမဲပေးသူများ အချိန်မီ ဆန္ဒမဲပေးနိုင်ရေး MEVM မဲပေးစက်များ ထပ်မံတပ်ဆင်ဆောင်ရွက်သွားရန်ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိက အပိုင်း(၂)တွင် ကျင်းပမည့် မြို့နယ်(၁၂)မြို့နယ်အတွက် မဲပေးစက်များဖြန့်ခွဲထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြ ခဲ့ကြသည်။

          ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာမဲရုံများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း အေးချမ်းသက်သာစွာ ဆန္ဒမဲလာရောက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် အခြေအနေများအား Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တက်ရောက် လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။