Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဩဂုတ် ၂၆

====================

ဩဂုတ်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်း ဒေသကြီးအနောက်ခြမ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာ- ရွာသာယာလမ်း မြေသားလုပ်ငန်း(၁)မိုင်(၃)ဖာလုံ ဆောင်ရွက်နေမှု အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် (သရက်-ကံမ-ကဒူးပြင်-ပြည်) ကားလမ်း ပဲခူးတိုင်းဒေသကြီးဘက်ခြမ်း (၈)မိုင် (၄)ဖာလုံ ကတ္တရာထပ်ပိုးလွှာ ခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် လမ်းမျက်နှာပြင် ညီညာဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျောက်ဖူး စံပြကျေးရွာ၌ ဒေါ်တင်နွဲ့၏ တိုင်းရင်းကြက်ကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်အား အစားထိုးသုံးစွဲရန် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန၊ ညောင်ခြေထောက်သစ်ဆိပ်သို့ ရောက်ရှိခဲ့ပြီး ဖမ်းဆီးရမိသစ်များ လေလွင့်မှုမရှိစေရေးနှင့် အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

       ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်(၁၅၇/၃နှင့်၁၅၇/၅)ကြား မျက်ကွယ်ကွေ့ လမ်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် သတိပေးဆိုင်းဘုတ်များနှင့် ညကြည့်အမှတ်အသားများ ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အစောင့်အရှောက်ခံ သက်ကြီး ဘိုးဘွားများအား ဂါရဝပြုတွေ့ဆုံအားပေးကာ အလှူငွေကျပ်(၁၀)သိန်းနှင့် သီးခြားဌာနဆိုင်ရာများမှလည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်၊ လွှစင်အုပ်စု၊ ထိုင်းနှံကောက်  မိုးစပါး အထွက်တိုးစံပြစိုက်ခင်း(၅၀)ဧက၊ မင်းလှမြို့နယ်၊ ဝက်လှကျေးရွာအုပ်စုရှိ RS-CS မျိုးစေ့ထုတ်စံပြ ကွက်နှင့် လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုရှိ GW-11မိုးစပါး တစ်ဧက တင်း(၁၀၀)နှင့် အထက် ထွက်ရှိရေး စံပြစိုက်ခင်း(၅၀)ဧကတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝမြေဩဇာ တိုးချဲ့သုံးစွဲနိုင် ရေးနှင့် အထွက်တိုးစပါး မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းခွင် မတော်တဆမှုမဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဗိုလ်စိန်မှန်ပန်းခြံအတွင်းရှိ ပီမိုးနင်းစာကြည့်တိုက် ရေရှည်တည်တံ့စေရန်အတွက် ထောက်ပံ့ငွေကျပ် (၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။