Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သီးနှံစိုက်စွမ်းအားပိုမိုတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သီးနှံစိုက်စွမ်းအားပိုမိုတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဖေဖော်ဝါရီ ၈

==============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၇)ရက်နေ့၊ မွန်းလွဲပိုင်း က ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သီးနှံစိုက်စွမ်းအားပိုမိုတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာ အုပ်စု၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး Drum Seeder ဖြင့် ဈေးကွက်ဝင်ပြီး အထွက်နှုန်းကောင်း သော ဗီယက်နမ်စပါးမျိုး တိုက်ရိုက်အစေ့ချစိုက်ပျိုးနေမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်နည်းစနစ်များ ပြောင်းလဲခြင်းအားဖြင့် သီးနှံအထွက်နှုန်း ပိုမို တိုးတက်လာခြင်း၊ ရောဂါပိုးမွှားကင်းရှင်းခြင်း၊ တောင်သူများအတွက် တစ်ဧကချင်းစီအလိုက် မိသားစုဝင်ငွေ ပိုမိုတိုးတက်လာနိုင်ခြင်းတို့အား အချိန်တိုအတွင်း ခံစားနိုင်မည်ဖြစ်၍ စနစ်တကျ ကြိုးစားဆောင်ရွက်စေရန် ရည်ရွယ်၍ စံပြစိုက်ခင်းကွင်းသရုပ်ပြပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အကျယ်တဝံ့ရှင်းလင်းပြောကြား ခဲ့ပြီး တိုင်းဒေသကြီးအတွင်း သီးနှံစိုက်စွမ်းအား ပိုမိုတိုးတက်စေရန် မြေလပ်မရှိ စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေ ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းပေးနိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းပြည်သူ့ဆေးရုံ တိုးချဲ့(၂)ထပ် ဆောင် ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံဝင်/ထွက်လမ်းများ စနစ်တကျ ရှိစေရေး၊ ဆေးရုံရှေ့ မြေယာရှုခင်းသေသပ်လှပေစေရေး၊ မြင်ကွင်းကွယ် အဆောက်အဦအဟောင်းများ အမြန်ဆုံး ဖယ်ရှားနိုင်ရေး၊ ဆေးရုံဧရိယာအတွင်း လေဝင်/လေထွက်ကောင်းမွန်စေရေးနှင့် သတ်မှတ်စံချိန် စံညွှန်း များနှင့် အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့၊ တူးကံကျေးရွာ၌ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စီးပွားဖြစ် ပန်းဂေါ်ဖီစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည်ရှုအားပေးခဲ့ပြီး ကြားခံအဆင့်ဆင့်မရှိဘဲ စားသုံးသူထံ ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှသာ စိုက်ပျိုးသူ၊ စားသုံးသူ နှစ်ဦးနှစ်ဘက် အကျိုးရှိနိုင်မှာဖြစ်ပြီး ပြည်တွင်းစားသုံးသည့် စားဖိုဆောင်သီးနှံများ အပြင် ပြည်ပဈေးကွက်ရှိသည့် စားဖိုဆောင်သီးနှံများလည်း တိုးချဲ့စိုက်ပျိုးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ထွက်ရှိလာသည့် စားဖိုဆောင်သီးနှံများအား တန်ဖိုးမြှင့်စားသုံးကုန်အဖြစ် တိုးတက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ သဲဖြူ ကျေးရွာ၌ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်သော တန်ဖိုးသင့်လက်ဆွဲကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုး မှု ကွင်းသရုပ်ပြပွဲအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာအုပ်စုများအလိုက် တောင်သူများနှင့်ပူးပေါင်း အကျိုးတူပူးပေါင်း၍ စံပြစိုက်ခင်းများထူထောင်ခြင်း၊ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များအား သိပ္ပံ နည်းကျစိုက်နည်းစနစ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်သရုပ်ပြပွဲများ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ထိုင်းနိုင်ငံထုတ် ပဲမျိုးစုံဆေးဖြန်းစက်အား ကြည့်ရှုခဲ့ကာ ဒေသတွင်း တောင်သူများတစ်ပိုင်တစ်နိုင် အသုံးပြု နိုင်မည့် တန်ဖိုးသင့်အသေးစား ဆေးဖြန်းစက်များ ထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား တာဝန်ရှိသူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။