ပဲခူး ဒီဇင်ဘာ ၁၅

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အရှေ့)ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား ဆရာတော်/သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိသတ်များက “နမောတဿ” မဟာပဏာန ဘုရားရှိခိုး၍ ဖွင့်လှစ်တော်မူခဲ့ကြ သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ မထေရ်မြတ်ထံမှ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့) ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်း အဖွင့်သာရဏီယကထာအား နာယူခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်ဒေသကြီး(အရှေ့) ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံ သင်တန်း ဖွင့်လှစ်ရေးလုပ်ငန်းအမှုဆောင်ကော်မတီ၊ အတွင်းရေးမှူး၊ မြိုနယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝဏ္ဏတက မွမ်းမံသင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား လျှောက်ထားခဲ့သည်။
ထိုနောက် ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက် မဟာနာယက တိုက်အုပ်ဆရာတော် ဘဒ္ဒဣန္ဒာစာရာလင်္ကာရဘိဝံသက ဂိုဏ်းပေါင်းစုံသံဃနာကနှင့် ဝိနည်းဓိုရ် မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအားက ပဲခူးတိုင်းဒေသကြီးဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံ သင်တန်းဖွင့်လှစ်ခြင်း ဝိနည်းဆိုင်ရာ သံဃအဖွဲ့အစည်းအဆင့်ဆင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စာအုပ်များ နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်/သံဃာတော်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားက အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ဂိုဏ်းပေါင်းစုံ သံဃနာယကနှင့် ဝိနည်းဓိုရ်မွမ်းမံသင်တန်းအား သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၊ သာသနာတော်နှင့် အပ်စပ်သည့် ဝိနည်းဓမ္မကံ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာကိစ္စရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေး ခြင်းဖြစ်ကာ သင်တန်းကာလအား ဒီဇင်ဘာလ (၁၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)၊ မြို့နယ်(၁၄)မြို့နယ်မှ ဆရာတော်/ သံဃာတော် အပါး(၂၀၀)ကျော် တက်ရောက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website