Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့် ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့် ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၄

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားအား တေးသံရှင် ဟံသာစိုးမင်းနှင့် နန်းထိုက်ရွှေစင်တို့က “ရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲကြီးသည် မျိုးဆက်သစ် လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုး သားရေးစိတ်ဓါတ်များ ပိုမိုထွန်းကားပြန့်ပွားစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပံ့ပိုးဆောင်ရွက်ပေးခြင်းပင် ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များသည် မိမိတို့၏ အနုပညာနယ်ပယ်အသီးသီးတွင် အရည်အချင်းရှိသူများ ဖြစ်သော်လည်း နိုင်ငံတော်အဆင့် ပြိုင်ပွဲမှာ ရွှေတံဆိပ်များရရှိနိုင်ရန်အတွက် အမှတ်ပေးစံနှုန်းများနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်၊ တီးခတ်သီဆိုကပြ ယှဉ်ပြိုင်နိုင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ရွေးချယ်ခံ ထားရသည့် ပြိုင်ပွဲဝင်များအနေဖြင့် အကဲဖြတ်အမှတ်ပေးချက်နှင့်အညီ စနစ်တကျသင်ကြားပြသပေးမည့် ပညာရှင်များ၏ အကြံဉာဏ်တို့အား မှတ်သားလိုက်နာ၍ နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးတွင် ပဲခူးတိုင်း ဒေသကြီးအတွက် အောင်မြင်မှုများရရှိအောင် စခန်းသွင်းလေ့ကျင့်သည့် ကာလမှစတင်၍ ပြိုင်ပွဲပြီးဆုံး သည်အထိ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပြိုင်ပွဲတစ်လျှောက် ကြီးကြပ်ခြင်း၊ အမှတ်ပေးခြင်း၊ အကဲဖြတ်ခြင်းများ ဆောင်ရွက် ပေးခဲ့သည့် အနုပညာရှင်ကြီးများနှင့် ရွှေတံဆိပ်ဆုရရှိသူ(၈)ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ ဘာသာရပ်အလိုက် ရွှေတံဆိပ်ဆုရရှိသူ(၈)ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ် များအလိုက် ပထမဆု၊ အထူးဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ တက်ရောက်လာသည့် ဧည်သည်တော်များအား ပြိုင်ပွဲဝင်များက ဆုရသီချင်းများဖြင့် တီးခတ်သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး ဒိုင်အဖွဲ့များအတွက် ဒေသထွက်လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်း ဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဘာသာရပ်အမျိုးအစား(၂၂)ခု၊ ပြိုင်ပွဲဝင်အဆင့်ပေါင်း(၁၀၃) ခု၊ ပြိုင်ပွဲဝင်ဦးရေ(၂၆၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၉၂)ခု၊ အထူးဆု(၈၁)ခု၊ ငွေတံဆိပ်(၉၂)ခု၊ ကြေးတံဆိပ်(၄၆)ခုနှင့် နှစ်သိမ်းဆု(၃၂)ခု စုစုပေါင်းဆုတံဆိပ်(၃၄၃)ခုအား ထိုက်တန်စွာ ဆုချီးမြှင့်ပေးခဲ့ ကြောင်း သတင်းရရှိသည်။