Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၅

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် အညီ ချိတ်ဆက်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အပေါ် အခြေခံ၍ ရေးဆွဲထား ခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ပြီး သာမန်လုပ်ရိုးလုပ်စဉ်မျိုးမဟုတ်ဘဲ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ထူးခြားလေးနက်တဲ့လုပ်ငန်းအဖြစ် ခံယူဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များကိုလည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဒေသန္တရစီမံကိန်းများ ရေးဆွဲရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်း ချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူး တို့အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တွင် လယ်ယာ ကဏ္ဍကြီး(လယ်ယာ၊သားငါး၊သစ်တောကဏ္ဍ)တွင် (၂.၂)ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး(စွမ်းအင်၊ သတ္တုနှင့် တွင်းထွက်၊ စက်မှုလက်မှု၊ လျှပ်စစ်ဓါတ်အား၊ ဆောက်လုပ်မှုကဏ္ဍ)တွင် (၇.၂)ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး (ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ အခြားဝန်ဆောင်မှု၊ ကုန်သွယ် ကဏ္ဍ)တွင် (၃.၈)ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း သတင်းရရှိသည်။