Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူး ဧပြီ  ၂၉

===============

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၁၈၄၂ ဒဿမ ၀၅၇ ဘီလီယံ အကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၅ ဒဿမ ၅ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်းထားကြောင်း ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်နှင့်အညီ တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စာရေရိက္ခာဖူလုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေးဆွဲ အတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထူးခြားလေးနက်သည့် လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စီမံကိန်းပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စောင့်ကြည့်သုံးသပ်ခြင်းနှင့် ချင့်ချိန်ဆုံးဖြတ်တို့ဖြင့် လျာထားချက်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆေင်ရွက်သွားရန်လိုအပ်ပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျသုံးစွဲနိုင်ရေး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကန့်အသတ်ဖြင့် ရရှိသည့် နိုင်ငံတော်ဘဏ္ဍာငွေအား ထိထိရောက်ရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရေး လွန်စွာအရေးကြီးပြီး ဆောင်ရွက်သည့်လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ လုပ်ငန်း ပမာဏနှင့်ညီမျှသည့် ဘဏ္ဍာငွေကြေးသုံးစွဲမှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာ ချက်များကို သုံးသပ်ပြီး ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို စိစစ်သုံးသပ်၍ တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုကြိုးစားအားထုတ်လုပ် ဆောင်သွားကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ပဲခူး၊ညောင်လေးပင်၊ တောင်ငူ၊ ပြည်၊ နတ်တလင်းနှင့် သာယာဝတီတို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများအား ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ကာ ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များကို လျာထားချက် ပြည့်မီကျော်လွန်ပြီး လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ များ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြ ရန် တိုက်တွန်း ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုးတက် မှုနှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီးတွင် ၂၇ ဒဿမ ၁ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃၁ ဒဿမ ၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄၁ ဒဿမ ၉ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်း ထားကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှု၊ စားသုံးဆီဖူလုံမှု၊ ပဲမျိုးစုံဖူလုံမှုရှိစေရန် ကျေးလက်အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် သမားရိုးကျဆောင်ရွက်နေသည့်ပုံစံမှ ခေတ်မီနည်းစနစ်များဖြင့် သွင်းအားစုများ ထိရောက်စွာအသုံးပြုပြီး အထွက်တိုးအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဒေသအလိုက် အဓိက အားသာချက်ရှိသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်ပြီး ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက် ပြည့်မီစေရေး တောင်သူများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ဒေသထွက်ကုန် ကြမ်းများကို တန်ဖိုး မြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်ပြီး သွင်းကုန် အစားထိုးနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။