Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး‌စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော်နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး‌စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော်နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး မေ ၁၄

==================

           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ နှင့်အတူ မေလ(၁၄)ရက်နေ့၊ နံနက်(၁ဝ:၃၀)အချိန်က ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော်နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့တွင် တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည်လည်း နှစ်ပေါင်း (၄၅၄) နှစ်သက်တမ်းရှိပြီး စစ်ဘေး စစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် လူတို့၏ ကျူးကျော် ဖျက်ဆီးမှုဒဏ်များကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အထောက်အထား များမှာ တစ်စတစ်စ ယိုယွင်းပျက်စီးနေပြီဖြစ်ကြောင်း ၊ ဆက်လက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ရှေးဟောင်းအမွေအနှစ် မြို့ရိုးနှင့်ကျုံးများအား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ် ကြောင်း၊ ဟံသာဝတီမြို့ဟောင်း ကျုံးများကိုပြန်လည်ဖော်ထုတ် တူးဖော်ခြင်းအား ဖြင့် ပြည်သူများ အပန်းဖြေနေရာတစ်ခု ဖန်တီးပေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား နောင်လာ နောင်သားများ တန်ဖိုးထား တတ်စေရန်၊ ရှေးခေတ်က မြို့တစ်ခုတည်ရာတွင် မြို့တော်၏ အကာအကွယ်တစ်ခုအပြင် ရေသွင်း၊ ရေထုတ်စနစ် ဆောင်ရွက်နိုင်ရန် ကျုံးကိုထည့်သွင်း တည်ဆောက်ခြင်းအား သိရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးတွင် တောင်ငူမြို့နှင့် ပဲခူးမြို့တို့သည် ကျုံးများနှင့် ပတ်လည်ကာရံထားသော ရှေးဟောင်းမြို့တော် ကြီးများပင် ဖြစ်ကြောင်း၊ ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအဖြစ် သန့်ရှင်းသာယာ လှပစေရေး မြို့ရိုးများ၊ ဂိတ်တံခါးပေါက်များ၊ ကျုံးများနှင့်ကျုံးပတ်လမ်းများ ပြန်လည် ဖော်ထုတ်ရခြင်း ဖြစ် ကြောင်း၊ အဓိကအားဖြင့် ရှေးဟောင်း မူရင်းပုံစံများ မပျက်စီးစေရန်လည်း အထူးသတိထား ဆောင်ရွက်သွားရန်နှင့် မိုးရာသီမရောက်မီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနရှိ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း ကျုံးတူးဖော်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။