Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောင်နိုင်ရေးအလံပေးအပ်

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အောင်နိုင်ရေးအလံပေးအပ်

ပဲခူး အောက်တိုဘာ ၅

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၅) ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းသို့ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းမှ အားကစားသမားများ၊ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူနှင့် နည်းပြများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်တွင်ပါရှိသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် အမျိုးသားရေးဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး စွမ်းရည်တိုးတက်မြင့်မားစေရေး အားကစား နည်းများအလိုက် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေဖြင့် အနိုင်/အရှုံး တစ်ခုတည်းကို ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ပဲ ထိုက်တန်ထူးချွန်သည့် အားကစားသမားများပေါ်ထွက်လာ စေရေး၊ သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေ လိုက်နာမှုစသည့် အခြေခံကောင်းများကို အရင်းပြုပြီး အစဉ်အလာကောင်းခဲ့သော ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်ကာ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များအပြင် အသင်းလိုက်တံခွန်စိုက်ဆုဖလားရရှိအောင် ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း ဩဝါဒစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံး အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်(၂၂)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က ပြိင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အခြေ အနေနှင့် စုစည်းလေ့ကျင့်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရိုးရာခြင်းလုံးအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အမျိုးသမီးအသင်း လိုက် ဒုတိယဆု၊ အမျိုးသမီး တက်သစ်စဆု၊ ၂၀၂၂ ခုနှစ်တွင် အမျိုးသား/အမျိုးသမီးအသင်းလိုက် တတိယဆု၊ အမျိုးသား အတိုးတက်ဆုံးဆုနှင့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပန်းတောင်းမြို့နယ်မှ  မောင်အောင်မြင့်မြတ်က ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု၊ ပြည်မြို့နယ်မှ မောင်မင်းသစ္စာအောင်က ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခု အသီးသီးဆွပ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။