Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၆/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၆/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၀

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၆/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာများအထိ လိုက်နာရန် အရေးကြီးကြောင်း၊ မြို့နယ်အလိုက် ဆေးရုံများတွက် ကုသရေးစင်တာများတိုးချဲ့နိုင်ရေး ကုတင်လိုအပ်ချက်၊ အဆောက်အဦ လိုအပ်ချက်နှင့် အောက်စီဂျင်ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေး စုစည်းတင်ပြပေးရန် လိုအပ်ကြောင်း၊ ကိုဗစ်ရောဂါပိုး သည် ပိုးအသစ်များ ထပ်မံဖြစ်ပေါ်နေသဖြင့် ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် ယခုတတိလှိုင်းများ၏ အတွေ့အကြုံများအပေါ် သင်ခန်းစာယူ၍ ရေရှည်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအတွက် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးသစ်များ အချို့နိုင်ငံများ တွင် တွေ့ရှိလျက်ရှိနေပြီဖြစ်၍ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်မှု မရှိစေရေး နေရပ်ပြန် မြန်မာနိုင်ငံသား များအား အလေးထား၍ ကျန်းမာရေးစစ်ဆေးခြင်း၊ သီးသန့်စောင့်ကြည့်ရေးစခန်းများတွင် ထားရှိခြင်း တို့အား အထူးကိစ္စရပ်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ်ဆေးရုံများတွင် Oxygen Plant များ တပ်ဆင်နိုင်ရေး မြို့မိ/မြို့ဖများမှ ဆောင်ရွက်နေမှု အပေါ်  အလှူငွေလိုအပ်ချက်ရှိပါက မိမိတို့တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကုသရေးစင်တာ အဖြစ် တက္ကသိုလ်ဆေးရုံ၌ အောက်စီဂျင်ပိုက်လိုင်းများ တပ်ဆင်ပေးထားပြီး ကိုဗစ်-၁၉ လူနာ(၇၀)ခန့်အား ကုသပေးနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ပဲခူးဆေးရုံကြီးအနီးရှိ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့၏ ရုံးအဆောက်အဦအဟောင်းအား ပြင်ဆင်၍ ကိုဗစ်-၁၉ ကုသရေးစင်တာအဖြစ် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိပါကြောင်း၊ မြို့ဝင်/ထွက် စစ်ဆေးရေး ဂိတ်များသို့ Stay at Home မြို့နယ်မှ လာရောက်သူများအား  Facility Quarantine Center ထားရှိရန် မှာကြားထားပြီးဖြစ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်သူများ အခြေခံစားသောက်ကုန်နှင့် အများသုံးဆေးဝါးများ ဈေးနှုန်း သက်သာလွယ်ကူစွာ ဝယ်ယူနိုင်ရေး မြို့နယ်အလိုက် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ကျော်စိုးမိုးက ဒိုက်ဦးမြို့နယ်နှင့် ဖြူးမြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် တပ်မတော်ဆေးတပ်အဖွဲ့မှ အင်အားဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရောက်ရှိမှုနှင့် ထိုးနှံပေးမှု အခြေအနေကိုလည်းကောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်များ၌ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် Oxygen Plant တပ်ဆင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသည့် COVID-19 Mobile Swab Van ဖြင့် ရပ်ကွက်/ ကျေးရွာများအတွင်း ကိုဗစ်-၁၉ သံသယလူနာများနှင့် ထိစပ်ခဲ့သူများ အား စစ်ဆေးဆောင်ရွက်နေမှုအခြေ အနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အသင်းအဖွဲ့များ ကာကွယ်ဆေးထိုးနှံပေးရာတွင် သေချာစွာစိစစ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု စာရင်းဇယားများ သေချာပြုစုဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်များတွင် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ရန်၊ မြို့နယ်ဆေးရုံကြီးများတွင် ဌာနဆိုင်ရာများနှင့် ဖွဲ့စည်း ပေးထားသော ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့များမှ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများတင်ပြပေးရန်၊ အခြေခံစားသောက်ကုန်များ၊ အများသုံးဆေးဝါးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် အကြံပြု ဆွေးနွေးခဲ့သည်။

          ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ (၂၄)နာရီအပြည့် လုံခြုံရေးထားရှိရန်၊ နိုင်ငံ့ဝန်ထမ်း အလုပ်လျှောက်ထားမည့် သူများအတွက် လိုအပ်သော Labour Card များ ထုတ်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက် ပေးရန်၊  ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးအတွက် လိုအပ်သော သွင်းအားစုများအား ဈေးနှုန်း သက်သာစွာရရှိရေး သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ထက်ကမ္ဘာကျော် (Golden Dragon) မှ အလှူငွေကျပ်သိန်း(၅၀၀)၊ Mask အခုရေ(၁)သိန်းနှင့် Oxygen Concentrator (၃)လုံးတို့အား လာရောက်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။