Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၈/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၈/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂၄

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၈/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ နဝမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက် များအား ဖတ်ကြားရှင်းလင်းပြီး မိမိတို့တိုင်းဒေသကြီးအတွင်း ဇူလိုင်လ(၂၂) ရက်နေ့တွင် ကူးစက်မှုအများဆုံး ဖြစ်ခဲ့သည့် လူနာအရေအတွက်နှင့်ချိန်ညှိ၍ အောက်စီဂျင်ထုတ်လုပ် ဖြန့်ဖြူး အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တန်(၂၀)ဆံ့ Liquid Oxygen Plant(၂)လုံး မှာယူထားပြီးဖြစ်၍ ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း၊ ဩဂုတ်လကုန်အထိရုံးပိတ်ရက် ကျန်ရှိနေသည့်အခွင့်အရေးအား အကောင်းဆုံး အသုံးချ၍ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများ ယခုထက်ပိုမိုကျဆင်းစေရေး ထိထိ ရောက်ရောက် တင်းတင်းကြပ်ကြပ် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရောဂါပိုးကူးစက်မှုအများစု သည် ကျေးလက်နေပြည်သူများဖြစ်၍ ကျေးရွာများ၌ အသိပညာပေးခြင်းလုပ်ငန်းအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Facility Quarantine Center များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း နေထိုင်နိုင်ရေး စဉ်ဆက်မပြတ် အသိပညာပေးရန်၊ လူစုလူဝေးဖြစ်ပေါ်ခြင်းမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ များပြားလာခြင်း ဖြစ်၍ မြို့နယ်အလိုက် မည်သည့်အကြောင်းပြချက်နှင့်အမျှ လူစုလူဝေးမဖြစ်ပေါ်စေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားရန်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရတော့မည်ဖြစ်၍ ဆေးထိုးမည့်စုရပ်များအား လုံခြုံရေးအမြင်ဖြင့် ကြိုတင်ပြင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာ ကြားခဲ့ သည်။

          ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုမှ ပြည်သူ့ ဆေးရုံများ အများပြည်သူပိုမိုယုံကြည့်လက်ခံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ပြည်သူများ နှင့် ထိတွေ့ဆောင် ရွက်ခြင်းများပြုလုပ်ရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပြီး လူနာများအား ဓါတ်မှန်ရိုက်ပေးရန်၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များအနေဖြင့် လူနာများ၊ အောက်စီဂျင်အိုးများ သယ်ယူပို့ ဆောင်ရာတွင် သတ်မှတ်ဝတ်စုံများ စနစ်တကျဝတ်ဆင်သွားလာနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ခရိုင်/ မြို့နယ်များအားလုံး ကျန်းမာရေးနှင့်လုံခြုံရေး သတင်းအချက်အလက်များ အပြန်အလှန်ချိတ်ဆက် ဆောင်ရွက်မှု အားကောင်းစေရေး ဆောင်ရွက်ရန်တို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟမှ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ မြို့နယ်အလိုက် Oxygen Plant များ တပ်ဆင်ပြီးစီးမှု၊ ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ထပ်မံတပ်ဆင်မည့် Oxygen Plant အခြေအနေများ၊ နေရပ်ပြန်မြန်မာနိုင်ငံသားများအား ကိုဗစ်-၁၉ရောဂါ စစ်ဆေးဆောင် ရွက်နေမှု၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကြိုတင်ဆောင်ရွက်ထားရှိမှု၊ လုံခြုံရေးနှင့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် သီးခြား လိုအပ်ချက်များ တင်ပြခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက အခြေခံစားသောက်ကုန်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်နေ သည့် အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် ဆေးဝါးများနှင့် အိမ်သုံးဆေးဝါးများ တရားမဝင် လမ်းကြောင်းများမှ ဝင်ရောက်မှု မရှိစေရေးနှင့် ကာကွယ်ဆေးအတူများ ဖော်ထုတ်ဖမ်းဆီးရေး အများသုံး ဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုများမရှိစေရေး အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်၊ စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမရှိစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်ထား ရှိမှုများအား ပြည်သူများသိရှိလိုက်နာစေရေး ကြေငြာပေးသွားရန် အကြံပြုဆွေးနွေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ထပ်မံ ဝယ်ယူထားသည့် Liquid Oxygen Plant  (၂)လုံးတွင် Oxygen Filling System ပါရှိပြီးဖြစ်၍ တစ်ရက်လျှင် အောက်စီဂျင် (၄၀)လီတာအိုး (၅၀၀)လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း အောက်စီဂျင်လိုအပ်ချက်အား အပြည့်အဝထောက်ပံ့ပေးနိုင်ရေး ကြိုတင်မျှော်မှန်းကာ Liquid Oxygen သယ်ယူနိုင်ရေးမော်တော်ယာဉ်(၁)စီးလည်း ဝယ်ယူထားပြီးဖြစ်ကြောင်း၊ တစ်ဘက်မှာလည်း အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်အား ပြင်ပပေါက်ဈေးထက်(၅၀၀)ကျပ် လျော့ချ၍ အများပြည်သူ လွတ်လပ်စွာဝယ်ယူနိုင်ရေး မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်အလိုက် ရောင်းချပေးနေပြီဖြစ်သလို ဆီနှင့် ကြက်သွန်နီ ကိုလည်း ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ လုံခြုံရေးနှင့်ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်များ၌ ကျန်းမာရေးအတွက် အထူးအလေးထား စစ်ဆေးသလို လုံခြုံရေးအမြင်ဖြင့်လည်း ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၏ သီးခြားလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။