Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၉/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၉/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၇

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၉/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာ သည့် နေရပ်ပြန်မြန်မာ နိုင်ငံသားများအား စနစ်တကျ သေချာစစ်ဆေးပြီး ကျန်းမာရေးကူညီစောင့်ရှောက်မှု ပေးရန်၊ မကြာမီ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်၍ စာရင်းဇယားများ စနစ်တကျ ကြိုတင်ပြုစုထားရန်၊ ကျေးရွာများအတွင်း ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေထိုင်သွားလာနိုင်ရေး ပညာပေးဆောင်ရွက်သွားရန်၊ Lock Down သတ်မှတ် ထားသော ကျေးရွာများအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား (၂)ပတ်စာ ထောက်ပံ့ပေးရန်၊ မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာများသို့ ဆန်နှင့် စားသုံးကုန်များ ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေးခြင်းအား အရှိန်မဟုန်မပြတ် ဆက်လက်ရောင်းချသွားရန်နှင့် ရပ်ကွက်/ကျေးရွာများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ စေရေး စည်းရုံးဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ တိုင်းဒေသကြီးအတွင်း နေ့အလိုက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အကြံပြုချက်များကို လည်းကောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် သီးခြား လိုအပ်ချက်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။