Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၀/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၀/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၄

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၄) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၀/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယ ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး တိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံများရှိ ICU (အထူးကြပ်မတ်ကုသဆောင်)များတွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံမှုရှိစေရေး ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ထားရန်၊ Facility Quarantine Centerအဖြစ် အသုံးပြုခဲ့သော တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကျောင်းများ၊ စာသင်ကျောင်းများ၊ သင်တန်းခန်းမများ၊ အားကစားခန်းမများ ပျက်စီးနေမှုရှိပါက မူလအတိုင်း ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးထားရန်နှင့် အသုံးမပြုတော့သည့် Facility Quarantine Center နှင့် ကုသရေးစင်တာများအား လိုအပ်ပါက အသင့်အသုံးပြုနိုင်ရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားရန်၊ တိုင်းဒေသကြီးအတွင်း ရောဂါပိုးကူးစက်မှုလျော့နည်းလာ ခြင်းကြောင့် ပြည်သူများ ပေါ့ဆစွာနေထိုင်သွားလာမှု၊ လူစုလူဝေးမရှိစေရေးနှင့် ရုံးများပြန်လည်ဖွင့်လှစ် ပြီဖြစ်၍ ရုံးတက်ရောက်သည့် ဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ကျန်းမာရေးညွှန်ကြားချက် စည်းကမ်းများနှင့်အညီ နေထိုင်သွားလာနိုင်ရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်၊ အသက်(၅၅)နှစ်နှင့် အထက်နှင့် အခြားဦးတည်အုပ်စုများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အလိုက် ဆေးထိုးစုရပ်များအား လုံခြုံရေးအမြင်ဖြင့် ရွေးချယ်ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ၌ လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ တိုင်းဒေသကြီးအတွင်း နေ့အလိုက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကာကွယ်ဆေးရောက်ရှိ ထိုးနှံမှုအခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေး အကြံပြုချက်များကိုလည်းကောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ် အလိုက် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် သီးခြား လိုအပ်ချက်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။