Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၂

======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၁) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဖြစ်ပွားလျက်ရှိပြီး ပြည်ပပြန်တစ်ချို့မှ ရောဂါပိုးပါလာသူများရှိသည် ကို ကြားသိနေရကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကိုလည်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်သည် ကိုဗစ်-၁၉ရောဂါ တတိယ လှိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဒေတာဗိုင်းရပ်မျိုးထက် ကူးစက်မှုမြန်သဖြင့် ပေါ့ဆ၍လုံးဝမရကြောင်း၊ နေရပ်ပြန် မြန်မာနိုင်ငံသား များနှင့်ပတ်သက်၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုအား အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်များတွင်လည်း စာသင်ကျောင်းမှအပ Facility Quarantin အဖြစ် အသုံးပြုနိုင်ရေး အားကစားခန်းမများနှင့် သီးခြားနေရာများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ် ကြောင်းနှင့် အခြေခံပညာကျောင်းများ စာမေးပွဲပြီးဆုံးသည်အထိ ကလေးငယ်များ ကျန်းကျန်းမာမာ လုံလုံခြုံခြုံ ပညာသင်ကြားနိုင်ရေး မြို့နယ်အလိုက် အလေးထား ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူး/တောင်ငူ/ပြည်/သာယာဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ခရိုင် အတွင်းရှိ မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ကာကွယ် ဆေးထိုးနှံပေးနေမှုနှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ကြိုတင်ဆောင် ရွက်ရမည့် အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။