Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၏ ဖေဖော်ဝါရီလ(၈)ရက်နေ့ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းအား ရှင်းလင်းခြင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၏ ဖေဖော်ဝါရီလ(၈)ရက်နေ့ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းအား ရှင်းလင်းခြင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မတ် ၁

===================

          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသကြီးအတွင်း Road Map (၅)ချက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်သလို ယခင်အတည်ပြုခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ တင်ဒါ လုပ်ငန်းများကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် မိုးရာသီ မရောက်မီ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများမှ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသို့ မြန်မြန်ဆန်ဆန်တင်ပြရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကိုလည်း သတ်မှတ်စည်းကမ်းများနှင့်အညီ အတည်ပြုချက်ရယူ၍ ဆက်လက်ဆောင်ရွက် သွားရန်နှင့် ပဲခူးတိုင်းဒေသကြီးအတွက် COVID-19 ကာကွယ်ဆေးလုံးရေ (၁၅၀၀၀ဝ) ရောက်ရှိမည်ဖြစ်၍ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်းများ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ဌာနဆိုင်ရာများ၊ သံဃာတော်များ၊ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ရာ မိမိဝန်ထမ်းများအား ကြိုတင် အသိပေးထားရန် အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အတွင်းရေးမှူးမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဖေဖော်ဝါရီလ(၈)ရက်နေ့ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေမှု၊ ဝန်ထမ်းများ လိုက်နာရမည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။