Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူး မတ်  ၃၀

===================

          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင် နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များ (Public,Private,Partnership) တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း(Contract Farming System)သည် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သော ပုဂ္ဂလိက လယ်ယာလုပ်ငန်းကြီးများ ပေါ်ပေါက်လာစေရန်နှင့် အရည် အသွေးပြည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် လိုအပ်သော ပံ့ပိုးမှုများလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စပါးပေါ်ချိန်တွင် ကုမ္ပဏီများမှ သတ်မှတ်နှုန်းထားများအတိုင်း ဝယ်ယူကြရန်နှင့် ခိုင်မာသည့် စပါးစျေးကွက်တစ်ခုဖြစ်လာစေရန် အတွက် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခက်အခဲများရှိပါက ပွင့်လင်းစွာတင်ပြပေး စေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်(၃) ဦးတင်သိန်းက အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း(Contract Farming)နှင့်ပတ်သက်၍ ကုမ္ပဏီနှင့် တောင်သူ တို့၏ နှစ်ဦးနှစ်ဘက် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ်အလိုက် အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း (Contract Farming) ဆောင်ရွက်နေသည့် မြို့နယ်အလိုက် အခြေအနေကိုလည်းကောင်း၊ တက်ရောက်လာသည့် အကျိုးတူ ပူးပေါင်းလယ်ယာ စိုက်ပျိုးရေးလုပ်ငန်း (Contract Farming) ကုမ္ပဏီများက ဒေသအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ သည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်(၃) ဦးတင်သိန်း၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ၊  အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း (Contract Farming) ဆောင်ရွက်နေ သည့် ကုမ္ပဏီများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။