Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး မေ ၂၆

=====================

      ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေလ(၂၆) ရက်နေ့ ညနေ(၃:၃၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

       အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပါဝင်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။

     ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက ယနေ့ ကျင်းပပြုလုပ်သည့် (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသည် သာမာန် အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များ ပေါ်ထွက်စေရေး ပြိုင်ပွဲတစ်ရပ်အဖြစ်မှတ်ယူပြီး ပြိုင်ပွဲဝင်အားကစားသမားများအားလုံး အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားသွားကြရန်၊ ပြိုင်ပွဲကျင်းပရေးကော်မတီ နှင့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်သွားကြ ရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

      ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက ပြိုင်ပွဲဝင် ဘောလုံးအသင်းများအား အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး အားကစားသမားများက အားကစား သစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွာကြပြီး ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့မှ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

      ၂၀၂၁ ခုနှစ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ စသည့်ခရိုင်(၄)ခရိုင်မှ ခရိုင်ကိုယ်စားပြု ဘောလုံးအသင်း(၄)သင်း ပါဝင်ပြီး မေလ(၂၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အများပြည်သူ အပန်းဖြေနိုင်သည့် ပဲခူးမြို့၊ ဟံသာဝတီမြို့ရိုး တူးဖော်ပြီးစီးနေမှုနှင့် ဆေးရုံလမ်းဘေး ညဈေးဖွင့်လှစ်မည့်နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။