Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းနှင့်အ‌အေးများ ဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းနှင့်အ‌အေးများ ဆက်ကပ်လှူဒါန်း

ပဲခူး ဇွန် ၁၃

======================

    ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ၌ ဝင်ရောက်ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့မှ နေ့ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။

     ရှေးဦးစွာ ပဲခူးမြို့နယ်မဟာသံဃနာယကအဖွဲ့ ဥက္ကဌ၊ ဥဿာသီရိစာသင်တိုက်၊ တိုက်အုပ် နာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏိတ အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ပဲခူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ငါးပါးသီလ ခံယူဆောက်တည်‌ကြသည်။

        ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ အဖွဲ့ဝင်များက ပဲခူးမြို့ စာဖြေဌာန၊ နာယကဩဝါဒါစရိယ ဆရာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ပဲခူးမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် သာမဏေကျော်စာသင်တိုက်၊ တိုက်အုပ်နာယက မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစာရာလင်္ကာရာဘိဝံသထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှအတမ်း ပေးဝေကာ ၂၀၂၁ ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပသည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပဲခူးစာဖြေဌာန၏ နာယက ဩဝါဒါစရိယ၊ အထူးကြီးကြပ်ရေး၊ ကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာများ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များသည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး အပေါ်ထပ်တွင် ကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၊ နောက်ဆုံးနေ့ ပထမကြီးတန်း ဘာသာပြန်ဘာသာအား ဝင်ရောက် ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့် သီလရှင်များအား ဖူးမြှော်ပြီး အအေးများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

     အစိုးရဓမ္မာစရိယပါဠိပထမပြန်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီးအတွင်း  မြို့နယ်(၂၈)မြို့နယ်ရှိ စာဖြေဌာန အသီးသီးတွင် ဇွန်လ(၁)ရက်နေ့ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့တွင် မြို့နယ်အသီးသီးရှိ စာဖြေဌာနများ၊ နာယက ဩဝါဒါစရိယ၊ အထူးကြီးကြပ်ရေး၊ ကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာများ၊ သီလရှင်များ အား နေ့ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။