Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၈
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သလို တိုင်းဒေသကြီး အတွင်းမှာရှိသော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးတက်ရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ရှိပြီးသားခရီးစဉ်ဒေသများကို သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသလို ခရီး စဉ် ဒေသအသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများမှာလည်း အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက် ရှိသူအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် (၂၂)ရာခိုင်နှုန်းခန့် ကျန်ရှိနေ၍ အပြည့်အဝ ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအနေ ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်မြို့၌ အပျော်တမ်းစက်ဘီးစီးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များ၊ စက်ဘီးစီးဝါသနာရှင်များနှင့် ပေါင်းစပ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး က ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်း၊ ဟိုတယ်လုပ်ငန်း လိုင်စင် သက်တမ်းတိုးခြင်းနှင့် ဟိုတယ်လုပ်ငန်းလိုင်စင် ပိုင်ရှင်အမည်ပြောင်းလဲခြင်းတို့အား အမှုတွဲ အလိုက်တင်ပြခဲ့ရာ၊ တိုင်းဒေသကြီးအဆင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၏ အကြံပြု ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ပြည်မြို့၌ အပျော်တမ်းစက်ဘီးစီးပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ တင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသအသစ်အနေဖြင့် ပဲခူးရိုးမဖြတ်လမ်း (အုတ်တွင်း-ပေါက် ခေါင်းလမ်း) မိုင်တိုင်အမှတ်(၅၈/၄)မှာ ခပေါင်း(ECO RESORT)အား အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)အဖြစ် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် လည်းကောင်း၊ အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်းအတွင်း ဆင်ဆေးရုံကို အခြေပြု၍ လည်းကောင်း ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။