ပဲခူး ဧပြီ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၃)ရက်နေ့၊ နံနက်ပိုင်း က တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅) ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် စားသောက်ဆိုင်များ၊ ဟိုတယ်/တည်းခို ရိပ်သာများနှင့် ခရီးသွားကဏ္ဍမှ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများ မြင့်မားစေရန် ဆောင်ရွက် ပေးသွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ရှိနေသော ခရီးသွားနေရာများ ကိုထိန်းသိမ်းပြီးကြော်ငြာမြှင့်တင်သွားရန်နှင့် ခရီးသွားနေရာအသစ်များ ရှာဖွေဖော်ထုတ်သွားကာ လာရောက် လည်ပတ်ကြသည့် ခရီးသွားများ၏ စိတ်ကျေနပ်မှုရှိအောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားပြပွဲများတွင် တိုင်းဒေသကြီး၏ ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များကို ဖြန့်ဖြူးပေးနိုင်ရေးအတွက် Bago Tourist Guide Map ကို အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာဖြင့် ထုတ်ဝေပေးခဲ့ပြီးဖြစ်သလို တရုတ်ဘာသာ၊ ရုရှားဘာသာ တို့ဖြင့်လည်း ထုတ်ဝေနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပနိုင်ငံသားများ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့လာသည့် နေရာများတွင် သန့်ရှင်းသာယာရေး၊ အမှိုက်များကင်းစင်ရေး၊ အများသုံး သန့်စင်ခန်းများ အဆင့်အတန်းမီ သန့်ရှင်းသပ်ရပ်မှုရှိစေရေးကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီတင်းကျွတ်မီးထွန်းပွဲတော်များ၊ တန်ဆောင်တိုင် မီးပုံးပျံ လွတ်တင်ပူဇော်ပွဲများ၊ သနပ်ခါးပွဲတော်များ၊ ခြင်းလုံးအလှခတ်ပွဲတော်များအပြင် ရာသီအလိုက် ရိုးရာ ယဉ်ကျေးမှုပွဲတော်များကို ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်း/ပြည်ပခရီးသွားများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေး အားလုံးပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် အထပ်မြင့် ဟိုတယ်များအား မြေငလျင်ဒဏ်သင့်ခံရမှု ရှိမရှိပြန်လည်စစ်ဆေးရန်နှင့် နေရောင်ခြည်စွမ်းအင်သုံး Solar System များ တပ်ဆင်အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံက ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင် သက်တမ်းတိုး ခြင်း၊ ဧည့်လမ်းညွှန်နှင့် ခရီးသွားလမ်းညွှန်လိုင်စင် သက်တမ်းတိုးခြင်းစသည့် အမှုတွဲများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပဲခူးဇုံ) ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အဆင့် ကော်မတီဝင်များက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။